တနင်္သာရီတိုင်းနေ လူသုံးသောင်းအား ကိုယ်ခံစွမ်းအားမြင့်စေသည့် ဗီတာမင် D3 တိုက်မည်

0
146
Dawei Watch, Dawei News, Dawei News Media

ကိုယ်ခံစွမ်းအားမြင့်တက်စေသည့် ဗီတာမင် D3 အား တနင်္သာရီတိုင်းနေ လူဦးရေသုံးသောင်းအား တိုက်ကျွေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

တိုက်ကျွေးမည့် ဗီတာမင် D3 ကို မြန်မာနိုင်ငံ ဆောက်လုပ်ရေးအသင်းချုပ်မှ ထောက်ပံ့ပေးခြင်းဖြစ်ပြီး ထားဝယ်ဒေသ၌ သြဂုတ်လ ၆ ရက်နေ့တွင် စတင်တိုက်ကျွေးမည်ဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးနေသည့် တိုင်းဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းဝင်တစ်ဦးက ဆိုသည်။

သြဂုတ်လ ၆ ရက်နေ့တွင် ထားဝယ်စည်ပင်သာယာဈေးကြီးနှင့် ကမ်းနားဈေးတွင် ကြက်ခြေနီတပ်ဖွဲ့နှင့် ပူးပေါင်းကာ အခမဲ့တိုက်ကျွေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“တစ်ခါသုံးခွက်နဲ့ လူတစ်ယောက် ခွက်တစ်လုံးထည့်ပြီးတော့ တစ်ခါတည်း တိုက်မယ်ခင်ဗျား” ဟု အထက်ပါ အသင်းဝင်က ဆိုသည်။

ယင်းအပြင် ရဟန်း၊ သီလရှင် စာသင်တိုက်များတွင်လည်း တိုက်ကျွေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဗီတာမင်D3 မှာ လူတစ်ယောက်အတွက် ရောဂါခုခံနိုင်စွမ်းရှိကြောင်း ထားဝယ်မြို့မှ ဆရာဝန်တစ်ဦးက ရှင်းပြသည်။

ဗီတာမင်တိုက်ကျွေးရာ၌ လူစုလူဝေးမဖြစ်စေရန်နှင့် တိုက်ကျွေးချိန်တွင် ကိုဗစ်ကာကွယ်ရေးစံသတ်မှတ်ချက်များကို စနစ်တကျလိုက်နာရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

ဗီတာမင် D3အပြင် ခန္ဓာကိုယ်အတွင်း စုပ်ယူမှုပိုအားကောင်းစေရန် ဗီတာမင်K နှင့် ဗီတာမင် C ကို ပေါင်းစပ်ပြီး တိုက်ကျွေးလေ့ရှိကြောင်း အထက်ပါ ဆရာဝန်က ပြောသည်။

လူတစ်ဦး နေပူထဲ ၁၅ မိနစ်လမ်းလျှောက်ပါက ဗီတာမင် D3 လိုအပ်သည့်ပမာဏအထိ ရရှိကြောင်း ၎င်းက ရှင်းပြသည်။

တနင်္သာရီတိုင်းအတွက် လူဦးရေ သုံးသောင်းသောက်မည့် ခွဲတမ်းရပြီး တိုင်းကိုဗစ်ကော်မတီအား လူဦးရေတစ်သောင်းအတွက် အတွက် လှူဒါန်းခဲ့ပြီး မြိတ်ဒေသအတွက်မူ လူဦးရေငါးထောင် အတွက် လှူဒါန်းခဲ့ကြောင်း အထက်ပါ တိုင်းဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းဝင်က ပြောသည်။

ကျန်ရှိသည့် လူဦးရေ တစ်သောင်းခွဲအတွက် ဗီတာမင် D3 ကို ထားဝယ်ဒေသရှိ ပညာရေးမိသားစု၊ ဌာနဆိုင်ရာများ၊ ဆောက်လုပ်ရေးကုမ္ပဏီလုပ်သားများ၊ ဈေးများတွင် တိုက်ကျွေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တိုက်ကျွေးမည့်ဗီတာမင်D3 မှာ အရည်ဖြစ်ပြီး တစ်လီတာလျှင် လူ ၁၅၀ ဦးကို တိုက်ကျွေးမည်ဖြစ်ကြောင်း သိရသည်။

ဆောက်လုပ်ရေးအသင်းချုပ်မှ ခွဲဝေပေးသည့် ဗီတာမင် D3 မှာ အသုတ်လိုက်ရောက်လာမည်ဖြစ်ပြီး စုစုပေါင်း လူဦးရေတစ်သိန်းကျော် သောက်သုံးနိုင်သည့် ပမာဏအထိ ရရှိမည်ဖြစ်ကြောင်း တိုင်းဆောက်လုပ်ရေးအသင်းဝင်ထံမှ သိရသည်။