တစ်ရက် အောက်ဆီဂျင်အိုးအလုံး နှစ်ရာခန့် ထုတ်နိုင်မည့်စက် ထားဝယ်သို့ မကြာမီရောက်မည်

0
333

တစ်ရက်လျှင် အောက်ဆီဂျင်အိုး အလုံးနှစ်ရာ ထုတ်လုပ်နိုင်မည့်စက်တစ်လုံး မကြာမီ ထားဝယ်မြို့သို့ရောက်လာမည် ဖြစ်ကြောင်း ခရိုင်အုပ်ရေးမှူးနှင့် တိုင်းဒေသကြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

တိုင်းဒေသကြီး ကိုဗစ်ကော်မတီစီစဉ်မှုဖြင့် ရောက်ရှိလာမည့် အဆိုပါ အောက်ဆီဂျင်စက်မှာ တစ်ရက်လျှင် ၄၀ လီတာအိုးအလုံး ၂၀၀ မှ ၂၅၀ အကြား ထွက်နိုင်မည်ဖြစ်ပြီး လာမည့် ငါးရက်ခန့်တွင် ထားဝယ်သို့ရောက်လာမည် ဖြစ်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးက ဆိုသည်။

“အလုံး နှစ်ရာ၊ နှစ်ရာ့ငါးဆယ်လောက်တော့ထွက်မယ်လို့ အကြမ်းဖျင်းသိရတာပဲ၊ အသေးစိတ်တော့ မသိရသေးဘူး”ဟု ခရိုင်အုပ်ချုပ်ရေးမှူးက ပြောသည်။

စက်ရုံမှ ထွက်လာမည့် အောက်ဆီဂျင်အား မည်ကဲ့သို့ ဖြန့်ဝေသွားမည်ကိုမူ မသိရသေးပေ။

အဆိုပါအောက်ဆီဂျင်စက်ကို ရွှေဝယ်သီရိအားကစားကွင်းအနီးတွင် ထားရှိရန်အတွက် တိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင် အသင်းက အဆောက်အအုံလှူဒါန်းမည်ဖြစ်ကြောင်း အဆိုပါ အသင်းထံမှ သိရသည်။

အဆောက်အအုံကို ၅ ရက်အတွင်း အပြီးဆောက်လုပ်နေကြောင်း အထက်ပါ အသင်းဝင်တစ်ဦးက ဆိုသည်။

လက်ရှိတွင် ထားဝယ်မြို့၌ အာယုဒါနအဖွဲ့၏ အောက်ဆီဂျင်စက်တစ်လုံးရှိပြီး တစ်ရက်လျှင် ၄၀ လီတာအိုး အလုံး ၄၀ ထုတ်လုပ်နေသည်။

သို့ရာတွင် အောက်ဆီဂျင်လိုအပ်ချက်ကို ပြည့်မီခြင်းမရှိသဖြင့် မြိတ်မြို့တွင် သွားရောက်ဖြည့်တင်းနေရသည်။