ထားဝယ်တွင် သေဆုံးသူများလာသဖြင့် မီးသင်္ဂြိုဟ်ရန် မနိုင်ဝန်ဖြစ်လာ

0
168

ထားဝယ်မြို့တွင် ၉၆ ပါးရောဂါဖြင့် သေဆုံးသူနှင့် ကိုဗစ်ကြောင့် သေဆုံးသူပါ များလာသည့်အတွက် မီးသင်္ဂြိုဟ်ရန် မနိုင်ဝန် ဖြစ်လာကြောင်း နာရေးကူညီမှု(ထားဝယ်) ထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လမှစကာ သေဆုံးသူအရေအတွက်များလာပြီး လက်ရှိတွင် တစ်ရက်လျှင် စုစုပေါင်း ၂၅ လောင်းအထိ မီးသင်္ဂြိုဟ်နေရကြောင်း ထားဝယ်နာရေးကူညီမှုအသင်းထံမှ သိရသည်။

ယင်းအချိန်မတိုင်မီက တစ်ရက်လျှင် အများဆုံး ၈ လောင်းခန့်သာ သင်္ဂြိုဟ်ရသည်။

ထားဝယ်သုဿန်တွင် မီးသင်္ဂြိုဟ်စက်(လောင်တိုက်) အကြီး ၃ လုံးနှင့် အသေး ၁ လုံးရှိပြီး တစ်ရက်လျှင် ပျမ်းမျှ ၁၂ လောင်း ခန့်သာ သင်္ဂြိုဟ်ရန် အဆင်ပြေကြောင်း သိရသည်။

လက်ရှိတွင် သင်္ဂြိုဟ်ရသည့် အလောင်းများလာသည့်အတွက် မီးသင်္ဂြိုဟ်စက်များ ကြံ့ခိုင်မှုနည်းလာပြီး ပျက်စီးလာမည်ကို စိုးရိမ်နေရကြောင်း အထက်ပါအဖွဲ့အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ဆိုသည်။

“ဘိလပ်မြေနဲ့ လုပ်ထားတဲ့ပစ္စည်းဖြစ်တော့ အရမ်းပူပြီးတော့ ကွဲရာတွေဖြစ်လာတယ်၊ မီးသင်္ဂြိုဟ်စက်တစ်ခုဆောက်ဖို့ကလည်း အခုဆောက်တာနဲ့ အခုရတဲ့ကိစ္စမဟုတ်ဘူးဆိုတော့” ဟု ၎င်းက ပြောသည်။

ထို့အပြင် လက်ရှိသင်္ဂြိုဟ်နေရသည့် ပမာဏထက် ပိုများလာပါက ဖြေရှင်းရန် နည်းလမ်းမရှိသေးကြောင်း ဦးအောင်နိုင်ဦးက ဆိုသည်။

ယင်းကဲ့သို့ အခြေအနေမျိုးတွင် ထားဝယ်မြို့ အနီး ကျေးရွာများရှိ မီးသင်္ဂြိဟ်စက်များက ကူညီသင်္ဂြိဟ်ပေးမည်ဆိုပါက ထိုအခက်အခဲကို ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထို့အပြင် စေတနာ့ဝန်ထမ်းလိုအပ်ချက်လည်း ရှိနေကြောင်း ဦးအောင်နိုင်ဦးက ဆိုသည်။

ကိုဗစ်နာရေးမီးသင်္ဂြိုဟ်ရာတွင် ထားဝယ်နာရေးကူညီမှုအသင်းဝင် ၁၅ ဦးခန့်ဖြင့် လုပ်ငန်းလည်ပတ်နေရပြီး ရပ်ကွက်နာရေးအဖွဲ့ များက အလှည့်ကျကူညီပေးမည်ဆိုပါက အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် ကရပ်ပြင်ရပ်ကွက် နာရေးအသင်းက လူအင်အားကူညီနေသည်။

ကိုဗစ်အလောင်းကို သေတ္တာ(ခေါင်းတလား) ဖြင့်မထည့်ဘဲ အိတ်ဖြင့်ထည့်သည့်အတွက် တစ်ခါမီးသင်္ဂြိုဟ်တိုင်း ၆ လောင်းအထိ ထည့်သွင်းသင်္ဂြိုဟ်နေသည်။

၉၆ ပါးရောဂါဖြင့် သေဆုံးအလောင်းများကိုမူ သေတ္တာဖြင့် ထည့်သွင်းထားသည့်အတွက် အလောင်းထည့်သွင်းနိုင်မှု နည်းပါးကြောင်း ထားဝယ်နာရေးကူညီမှု အသင်းထံမှ သိရသည်။

ပုံစာ- ထားဝယ်တွင် ယမန်နှစ်က ကိုဗစ်သံသယဖြင့် သေဆုံးသူတစ်ဦးအား သဂြိုဟ်နေစဉ်