ထားဝယ်မြို့ အိမ်လူနာများအတွက် အောက်ဆီဂျင်ထုတ်စက် အခမဲ့ငှားမည်

0
175

ထားဝယ်တွင် အောက်ဆီဂျင် အရေးပေါ်လိုအပ်နေသည့် နေအိမ်ရှိလူနာများအတွက် အောက်ဆီဂျင်ထုတ်စက်များ အခမဲ့ငှားမည်ဖြစ်ကြောင်း ကိုဗစ်ထိန်းချုပ်ကာကွယ်ရေး လူထုအခြေပြု အထောက်အကူပြုအဖွဲ့(ထားဝယ်)ထံမှ သိရသည်။

လက်ရှိတွင် ထားဝယ်မြို့၌ အောက်ဆီဂျင်ဖြည့်ရန်ခက်ခဲခြင်းနှင့် အောက်ဆီဂျင်အိုးရရှိရန် ခက်ခဲနေသည့်အတွက် အရေးကြီးလူနာများအတွက် ရည်ရွယ်ကာ စီစဉ်ရခြင်းဖြစ်ကြောင်း အထက်ပါအဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

အောက်ဆီဂျင်အရေးပေါ်လိုအပ်နေသည့် နေအိမ်လူနာများကို ငှားရမ်းနိုင်ရန်အတွက် လက်ရှိတွင် အောက်ဆီဂျင်ထုတ်စက် Oxygen Concentrator (10L) ၁၀ လုံးမှာယူထားပြီး သြဂုတ်လ ၅ ရက်နေ့တွင် ထားဝယ်သို့ ရောက်လာမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထိုသို့ အခမဲ့ကူညီနိုင်ရန်အတွက် စက်ပိုင်းဆိုင်ရာ ကိုင်တွယ်မှုနှင့် သန့်ရှင်းရေးလုပ်ရာတွင် ပြသပေးနိုင်မည့်သူများနှင့် ချိတ်ဆက်ရှာဖွေနေကြောင်း အထက်ပါ အတွင်းရေးမှူးအဖွဲ့ဝင်က ဆိုသည်။

“လတ်တလောကတော့ ထားဝယ်မြို့တွင်းပဲ။ လောလောဆယ်ကတော့ ဒီလိုသွားရမှာ။ အသေးစိတ်ကိုတော့ ဆက်ဆွေးနွေး ရအုန်းမယ်၊ ဘယ်လိုလူနာဆိုငှားမယ် ဘယ်ဒေသအထိ ငှားမယ်ဆိုတာကိုပေါ့” ဟု ၎င်းက ပြောသည်။

ထားဝယ်မြို့တွင် အာယုဒါနအဖွဲ့၏ အောက်ဆီဂျင်ထုတ်စက်တစ်လုံးရှိသော်လည်း လက်ရှိတွင် ကိုဗစ်လူနာများပြားလာသဖြင့် အောက်ဆီဂျင် လုံလောက်မှုမရှိဘဲ ဖြစ်နေသည်။

ထိုကြောင့် အောက်ဆီဂျင်ထုတ်သည့် စက်အကြီးများ ထပ်မံမှာယူထားကြောင်း သိရသည်။