ကမ်းနားဈေးရှိ ငါးဒိုင်အားလုံး ၂၁ ရက်ကြာ ပိတ်ရန် ညွှန်ကြား

0
150
Dawei Watch, Dawei News, Dawei News Media

ထားဝယ်မြို့၊ ကမ်းနားဈေးတွင် လက်ကားရောင်းချနေသည့် ငါးဒိုင်အားလုံး ၂၁ ရက်ကြာ ပိတ်ထားရန် မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ညွှန်ကြားထား သည်။

ကမ်းနားဈေးငါးဒိုင်မှ အမျိုးသမီးတစ်ဦး ဩဂုတ်လ ၁ ရက်နေ့ ကိုဗစ်ဖြင့် ကွယ်လွန်သွားသည့်အတွက် ငါးဒိုင်အားလုံးကို ဩဂုတ်လ ၂ ရက်မှ ၂၂ ရက်နေ့ အထိ ပိတ်ခိုင်းခြင်းဖြစ်သည်။

ထားဝယ်ကမ်းနားဈေးတွင် လက်ကားရောင်းချနေသည့် ငါးဒိုင်ကြီး ၁၀ ခု ရှိသည်။

၂၁ ရက်ကြာ ပိတ်ခိုင်းထားခြင်းကို လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများ အရ အရေးယူမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ညွှန်ကြားစာတွင် ဖော်ပြထားသည်။

ယာယီပိတ်ထားသည့် ငါးဒိုင်များတွင် အလုပ်လုပ်နေသည့် အလုပ်ရှင်နှင့် အလုပ်သမားများအားလုံးကို ကိုဗစ်ရောဂါပိုးရှိ၊ မရှိ စစ်ဆေးခိုင်းထားကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ငါးဒိုင်မှာ လုပ်နေသူ အားလုံးကို စစ်ဆေးပြီး ပိုးတွေ့ရှိ မရှိကို တိုင်းကိုဗစ်ကော်မတီကို တင်ပြရမှာဆိုတော့ ရောဂါပိုးမရှိမှ ပြန်ဖွင့်ရမှာ” ဟု ယင်း တာဝန်ရှိသူက ဆိုသည်။

သြဂုတ်လ ၃ ရက်နေ့တွင် အဆိုပါ ငါးဒိုင်မှ ၁၅ ကို ကိုဗစ်စစ်ဆေးရာ အားလုံးပိုးမတွေ့သည့်အဖြေထွက်သည်ဟု သိရကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် ကမ်းနားပျံကျဈေးရှိ ငါးရောင်းချနေသည့် ဆိုင်ခန်းများကို နှာခေါင်းစည်း(Mask) တပ်ကာ ၆ ပေခြား၊ တစ်ခုံခြား ရောင်းချခွင့်ပြုထားကြောင်း အထက်ပါ တာဝန်ရှိသူက ပြောသည်။

အဆိုပါဈေးရှိ အခြားဈေးသည်များကိုလည်း Mask တပ်ကာ ၆ ပေခြား ရောင်းချခွင့်ပြုထားကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။

ထို့အပြင် အခြားဈေးများတွင် ကိုဗစ်ရောဂါဖြစ်ပွားသူရှိပါက ဈေးဆိုင်များကို ယာယီပိတ်ခိုင်းမည်ဖြစ်ကြောင်း စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။