ပရဟိတ လူငယ်များကို ဇမ္ဗူသီရိ အလိုရှိ

0
184

ထားဝယ်ဒေသတွင် အရေးပေါ်လူနာကူညီသယ်ဆောင်ရေးနှင့် ပတ်သက်၍ ကူညီပေးနေသည့် ဇမ္ဗူသီရိအဖွဲ့တွင် ပရဟိတလုပ်မည့် လူငယ်များလိုအပ်နေကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် ဇမ္ဗူသီရိအရေးပေါ်လူနာသယ်ဆောင်ရေးအဖွဲ့က ယာဉ်မတော်တဆမှုကြောင့် ထိခိုက်လူနာများ၊ အိမ်လူနာများနှင့် ကိုဗစ်လူနာများကို ရှေးဦးပြုစုကာ သက်ဆိုင်ရာဆေးရုံများသို့ ကူညီပို့ဆောင်နေသည်။

ထိုသို့ ကူညီပို့ဆောင်ရာတွင် ယခင်က လုပ်အားပေးနေသည့် ပရဟိတလူငယ် ၃၅ ဦးခန့်ရှိသော်လည်း လက်ရှိတွင် အကြောင်းအမျိုးမျိုး ကြောင့် ၁၈ ဦးသာ ကျန်တော့ကြောင်း ဇမ္ဗူသီရိအဖွဲ့မှ ဦးနိုင်မျိုးသွင်က ဆိုသည်။

ထိုကြောင့် လက်ရှိကူညီနေရသည့် ဝန်အားနှင့်လူအင်အား မမျှသည့် အခြေအနေဖြစ်နေကြောင်း ၎င်းက ပြောသည်။

ယင်းအခြေအနေတွင် ရှိသည့် လူအင်အားဖြင့် အဆိုင်းခွဲ ကူညီနေရပြီး အဖွဲ့သားအချို့မှာ ပင်ပန်းလွန်းပြီး မူးမေ့လဲသည်အထိ ဖြစ်သွားခဲ့ကြောင်း ဦးနိုင်မျိုးသွင်က ဆိုသည်။

“အခုလိုမျိုး ကူညီပေးနေတဲ့အင်အားက မနိုင်မနင်းနဲ့ ဖြစ်နေပြီ” ဟု ၎င်းက ပြောသည်။

စေတနာ့ဝန်ထမ်းအဖြစ် ကူညီပေးလိုပါက ဇမ္ဗူသီရိအဖွဲ့ထံ လာရောက်ဆက်သွယ်နိုင်ကြောင်း သိရသည်။

ထို့အပြင် အဖွဲ့တွင် ၁၅ လီတာဝင်ဆံ့သည့်အောက်ဆီဂျင်အိုး ၂၀ လုံးသာရှိသည့်အတွက် အောက်ဆီဂျင်အိုး လုံလောက်မှုမရှိဘဲဖြစ်နေကြောင်း ဦးနိုင်မျိုးသွင်က ဆိုသည်။

အဖွဲ့ပိုင် အရေးပေါ်ကားတစ်စီးလျှင် ယခင်က ၁၅ လီတာဆံ့ အောက်ဆီဂျင်အိုး နှစ်လုံး စီ တင်ဆောင်ထားလေ့ရှိသော်လည်း လက်ရှိတွင် နေအိမ်ရှိ ကိုဗစ်လူနာများအတွက် တစ်လုံးစီသာ တင်ဆောင်တော့ကြောင်း ၎င်းက ပြောသည်။

ထိုကြောင့် လိုအပ်နေသည့် အောက်ဆီဂျင်အိုးအတွက် အလှူခံနေကြောင်း ဇမ္ဗူသီရိအဖွဲ့ထံမှ သိရသည်။

ပုံစာ-ယမန်နှစ် ကိုဗစ်ပထမလှိုင်းတွင် ကူညီနေသည့် ဇမ္ဗူသီရိအဖွဲ့သားများနှင့် ရုံးအား တွေ့ရစဉ်။