တနင်္သာရီတိုင်း ကိုဗစ် တတိယလှိုင်း

0
158

နိုင်ငံတဝန်း ကိုဗစ်ရောဂါကူးစက်မှု တစ်ဟုန်ထိုးများလာချိန်တွင် တနင်္သာရီတိုင်းတွင်လည်း ကိုဗစ်ကူးစက်သူ အရေအတွက်က တိုးလာနေသည်။

ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရ ဇူလိုင်လ ၂၈ ရက်နေ့အထိ တနင်္သာရီတိုင်းတွင် ကိုဗစ်ကူးစက်ခံရသူ ၄၀၀၀ ကျော်ရှိပြီး လက်ရှိတွင် ၁၆၀၀ ကျော် ကုသနေရဆဲဖြစ်ကြောင်း သိရသည်။

တစ်ကယ့်မြေပြင်တွင်မူ ကိုဗစ်ကူးစက်ခံရသူအရေအတွက်မှာ ကျန်းမာရေးဌာနထုတ်ပြန်ချက်ထက် ပိုမိုများပြားနေကြောင်း ကိုဗစ်ရောဂါနှင့် ပတ်သက်၍ ကူညီပေးနေကြသည့် ထားဝယ်ဒေသအခြေစိုက် ပရဟိတအဖွဲ့များက ခန့်မှန်းကြသည်။

လက်ရှိအခြေအနေတွင် ကိုဗစ်ရောဂါရှိ မရှိကို ကျန်းမာရေးဌာနက စစ်ဆေးပေးနေသော်လည်း ပြည်သူအချို့က ကျွမ်းကျင်သည့် ကျန်းမာရေးဝန်ထမ်းဖြင့် နေအိမ်တွင်ပင် မိမိအစီအစဉ်ဖြင့် စစ်ဆေးနေကြသည်။

ထိုသို့ စစ်ဆေးပြီး ကိုဗစ်ပိုးရှိကြောင်း အဖြေထွက်သည့်အခါ နေအိမ်တွင်ပင် သီးခြားနေထိုင်ပြီး မိမိအစီအစဉ်ဖြင့်ပင် ကုသနေသူများလည်း ရှိနေသည်။

ထိုကဲ့သို့ နေအိမ်တွင်မိမိအစီအစဉ်ဖြင့် ကုသနေသူများထဲတွင် ထားဝယ်မြို့ ဇရစ်ရပ်ကွက်နေ မဖြူ(အမည်လွှဲ) လည်း တစ်ဦးအပါအဝင်ဖြစ်သည်။

သူမသည့် ဇူလိုင်လ ၂၀  ရက်တွင် စဖျားပြီး သုံးရက်အကြာတွင် အနံ့ပါပျောက်လာသဖြင့် ကျန်းမာရေးဆရာမ တစ်ဦးကို ဆက်သွယ်ကာ ကိုဗစ်ရောဂါပိုး ရှိ မရှိ စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ ကိုဗစ်ပိုးရှိသည်ဟု အဖြေထွက်သည့်အတွက် အိမ်သား ၄ ဦးကို ဆက်လက်စစ်ဆေးရာ အားလုံး ကိုဗစ်ပိုးရှိနေ ကြောင်း သိခဲ့ရသည်။

ယင်းသို့စစ်ဆေးခြင်းအတွက် ကျန်းမာရေး ဆရာမအား ပစ္စည်းဖိုး အပါအဝင် တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းခွဲနှုန်း ပေးရသည်ဟုဆိုသည်။

ထိုသို့ စစ်ဆေးရာ ၎င်းတို့ အိမ်သားအားလုံးနီးပါးတွင် ကိုဗစ်ရောဂါရှိကြောင်း အဖြေထွက်သော်လည်း ဖျားခြင်း၊ အနံ့ပျောက်ခြင်း၊ လည်ချောင်းနာ ခြင်း၊ ချောင်းဆိုးခြင်းမှအပ ဆိုးဆိုးဝါးဝါးမဖြစ်ခဲ့ပေ။

ထိုကြောင့် ကိုဗစ်စစ်ဆေးပေးသည့် ကျန်းမာရေးဆရာမကပင် သောက်ရမည့်ဆေးရေအညွှန်းပေးကာ ယင်းဆေးဝါးများကိုသာ သောက်သုံးနေခဲ့သည်။

“အောက်ဆီဂျင်ကလည်း မကျဘူး။ လူတွေလည်း ကျန်းကျန်းမာမာချည်းပဲ၊ ပိုးက ရှိနေတယ်ဆိုတာလောက်ပဲဆိုတော့ ကိုယ့်အိမ်မှာပဲ နေလိုက်တာ”ဟု မဖြူက ပြောသည်။

မဖြူကဲ့သို့ပင် ထားဝယ်မြို့နေ သူနာပြုဆရာမတစ်ဦးဖြစ်သည့် မနီလာ(အမည်လွှဲ) တစ်ယောက်လည်း ဖျားလာသည့်အတွက် စစ်ဆေးရာ ကိုဗစ်ပိုးတွေခဲ့သည်။

သို့ရာတွင် ဆေးရုံမတက်ဘဲ နေအိမ်တွင် သီးခြားနေပြီး ကုသနေရာ လက်ရှိတွင် ပြန်လည်သက်သာနေပြီဖြစ်သည်။

၎င်းတွင် ကိုဗစ်ရောဂါပိုးတွေ့ခဲ့သော်လည်း ရောဂါလက္ခဏာမပြင်းထန်သည့်အတွက် နေအိမ်တွင်ပင် ကုသနေခြင်းဖြစ်ကြောင်း သူနာပြုဆရာမ မနီလာက ဆိုသည်။

“လူငယ်တွေကတော့ ရောဂါလက္ခဏာမပြင်းကြတော့ ကုသမှုအပိုင်းက အရေးတကြီးလိုအပ်တာ မရှိဘူး၊ နောက်ပြီး ကိုဗစ်ကုသရေးစင်တာတွေမှာက ကိုယ့်အိမ်မှာလောက်ကို ကြည့်ပေးမယ့် သူမရှိဘူးလေ”ဟု မနီလာက ပြောသည်။

မဖြူ နှင့် သူနာပြုဆရာမ မနီလာ ကဲ့သို့ ကိုဗစ်ပိုးတွေ့သော်လည်း နေအိမ်တွင်ပင် သီးခြားနေပြီး ကုသနေသူ အများအပြားရှိနေသည်။

ထိုသူများမှာ ကျန်းမာရေးဌာနက ထုတ်ပြန်သည့် ကိုဗစ်လူနာစာရင်းတွင် မပါဝင်ကြောင်း ကိုဗစ်လူနာနှင့် ပတ်သက်၍ ကူညီပေးနေသည့် ထားဝယ်မြို့အခြေစိုက် ဇမ္ဗူသီရိအရေးပေါ် လူနာကူညီရေးအဖွဲ့ တာဝန်ရှိသူ ဦးနိုင်မျိုးသွင်က ဆိုသည်။

ထားဝယ်ဒေသတွင် ထိုသို့ မိမိအစီအစဉ်ဖြင့် စစ်ဆေးပြီး ကိုဗစ်ပိုးတွေ့က နေအိမ်တွင်ပင် ကုသနေသူ အများအပြားရှိနေကြောင်း ၎င်းက ပြောသည်။

“မြေပြင်မှာကတော့ တော်တော်များများကို ဖြစ်နေတယ်၊ အိမ်တစ်ဆောင်လုံး နီးပါးချည်းပဲ ဖြစ်နေကြတာ” ဟု ဦးနိုင်မျိုးသွင်က ဆိုသည်။

ထိုသူများမှာ ရောဂါအခြေအနေ ဆိုးရွားလာချိန်မှသာ ၎င်းတို့ထံ ဆက်သွယ်လာသည့်အတွက် ဆေးရုံသို့ ပို့ဆောင်ပေးရသည့် ဖြစ်စဉ်များလည်း ရှိသည်။

ကိုဗစ်ပိုးရှိ၊ မရှိကို မိမိနေထိုင်ရာ မြို့နယ်အလိုက် ကျန်းမာရေးဌာနများတွင် စစ်ဆေးပေးနေသည်ဟု သိရပြီး ထားဝယ်မြို့တွင် သာသနာ့ဗိမာန်နှင့် ခရိုင်ကျန်းမာရေးဌာနတို့တွင် စစ်ဆေးပေးနေကြောင်း ဦးနိုင်မျိုးသွင်က ဆိုသည်။

သို့ရာတွင် ပြည်သူအချို့ကမူ ယင်းနေရာများတွင် သွားမစစ်ဘဲ မိမိအစီအစဉ်ဖြင့် စစ်ဆေးနေကြသည်။

ထိုသို့ ကျန်းမာရေးဌာနများတွင် စစ်ဆေးပြီး ကိုဗစ်ပိုးတွေ့ပါက သတ်မှတ်ထားသည့် ကိုဗစ်စောင့်ကြည့်ကုသရေးစင်တာများတွင် နေထိုင်စေကြောင်း ၎င်းက ပြောသည်။

ထားဝယ်မြို့တွင် ကိုဗစ်စောင့်ကြည့်ကုသရေးစင်တာ ၄ ခုဖွင့်ထားပြီး ကုသပေးနေကြောင်း သိရသည်။

သီတာဂူဆေးရုံ၊ ထားဝယ်ကွန်ပျူတာတက္ကသိုလ်၊ သူနာပြုသင်တန်းကျောင်း၊ ခလရ ၂၅ တပ်ရင်း မျက်နှာချင်းဆိုင်ရှိ စာသင်ကျောင်းတွင် ဖွင့်လှစ်ထားခြင်းဖြစ်သည်။

အထက်ပါ ကိုဗစ်ကုသရေးစင်တာများမှ အရေးကြီးလူနာများကို ထားဝယ်ဆေးရုံကြီးတွင် လွှဲပြောင်းကုသပေးနေသည်ဟု ယင်းဆေးရုံ ကိုဗစ်ကုသရေးစင်တာမှ တာဝန်ရှိသူက ပြောဆိုထားသည်။

အရေးကြီးကိုဗစ်လူနာဖြစ်သည့် အောက်ဆီဂျင်ပေးပြီးကုသရမည့်လူနာ၊ ဆရာဝန်နှင့် အနီးကပ်ကြပ်မတ် ကုသရမည့်လူနာနှင့် အခြားနေရာအသီးသီးမှ ရောက်လာသည့် အရေးကြီးလူနာများအား ထားဝယ်ဆေးရုံတွင် ထားရှိကုသပေးနေသည်ဟု ဆိုသည်။

လက်ရှိတွင် ထားဝယ်ဆေးရုံကြီး၌ အောက်ဆီဂျင်ရှူနေရသည့် ကိုဗစ်လူနာများပြည့်နေကြောင်း ဦးနိုင်မျိုးသွင်က ဆိုသည်။

ထိုကြောင့် နေအိမ်တွင်ပင် ကုသရင်း အသက်ရှူကြပ်လာပါက ရှေးဦးသူနာပြုစုပေးပြီး ထားဝယ်ဆေးရုံထံ ဆက်သွယ်အကြောင်း ကြားကာ ကုတင်နေရာရှိက ဆေးရုံသို့ ပို့ဆောင်ပေးနေကြောင်း ၎င်းက ပြောသည်။

သူနာပြုဆရာမ မနီလာကမူ အသက်အရွယ်ကြီးသူများ ကိုဗစ်ကူးခံရပါက နေအိမ်တွင် ကုသနေခြင်းထက် ဆေးရုံတက်ကာ ကုသမှုခံယူသင့်သည်ဟု အကြုံပြုသည်။

“လူကြီးတွေအတွက်ဆို ဆေးရုံတက်တာက ပိုအဆင်ပြေတာပေါ့၊ ကုသမှုအပိုင်းမှာ ပိုလုပ်ပေးလို့ရတယ်”

ပုံစာ-ယမန်နှစ်က ကိုဗစ်လူနာနှင့် ကိုဗစ်စစ်ဆေးနေသည့် ပုံများဖြစ်သည်။