တံခါးခေါက်သံ ပိုညံလာတဲ့ သဘာဝဘေး

0
152
Dawei Watch, Dawei News, Dawei News Media

ပုခက်ထဲအိပ်နေတဲ့ အသက်သုံးလသာရှိသေးတဲ့ မယမင်းသော်တာ တစ်ယောက် အသက်ဆုံးရှုံးသွားရပါပြီ။

ကော့သောင်းမြို့မှာ တိုက်ခတ်ခဲ့တဲ့ လေပြင်းက မယမင်းသော်တာရဲ့ အသက်ကို နုတ်ယူသွားတာပါ။

အဲဒီလေပြင်းတိုက်ခတ်မှုက ကော့သောင်းမြို့ အောင်သုခရပ်ကွက် ကြေးနန်းကွင်းအရပ် ကမ်းသာယာလမ်းမှာ ဇူလိုင်လ ၂၀ ရက် ညနေ ၇ နာရီလောက်မှာ ဖြစ်ခဲ့တာပါ။

ငါးဖမ်းပိုက်ချုပ်၊ အဝတ်လျှော် အလုပ်နဲ့ အသက်မွေးနေတဲ့ အသက် ၂၉ နှစ်အရွယ် မခင်ခင်ထားရဲ့ သမီးလေး မယမင်းသော်တာဟာ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခေါင်မိုးလွင့်ထွက်သွားရာကနေ အသက်သေဆုံးသွားခဲ့တာပဲ ဖြစ်ပါတယ်။

“ကျွန်မက ကလေးကိုပုခက်လွှဲနေရင်းနဲ့ လေကဝှီးကနဲတိုက်တဲ့အချိန်မှာ ကလေးက အပေါ်ကလွင့်ပါသွားပြီး အောက်ကို ပြန်ပြုတ်ကျလာတာ” မိခင်ဖြစ်သူ မခင်ခင်ထားက ပြောပါတယ်။

လေပြင်းကြောင့် ကလေးရော ပုခက်ပါ ခေါင်မိုးနဲ့အတူ အပေါ်ကို
လွင့်ထွက်သွားပြီး ပြန်ကျလာတာဖြစ်တယ်လို့ သူကဆိုပါတယ်။

ကလေးကို ကော့သောင်းဆေးရုံခေါ်သွားခဲ့ပေမယ့် ဆေးရုံရောက်ပြီး နာရီဝက်လောက်အကြာမှာပဲ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

“ကျွန်မရဲ့ သမီးလေး အသက်နှစ်ခါပဲ ငင်လိုက်ရတယ်” လို့ ပြောပြီး မခင်ခင်ထား ငိုပါတော့တယ်။

မိုးများဒေသဖြစ်တဲ့ တနင်္သာရီတိုင်းဟာ ရေကြီးရေလျှံတာ၊ မြေပြိုတာ၊ လေပြင်းတိုက်ခတ်တာ၊ မိုးကြိုးပစ်တာတွေက နှစ်တိုင်းဖြစ်နေကြ သဘာဝဘေးတစ်ခုလို့ရမှာပါ။

ဒါပေမယ့် အခုဆယ်စုနှစ်ထဲမှာတော့ ဒီလိုသဘာဝဘေးဖြစ်စဉ်တွေ ခပ်စိပ်စိပ်ဖြစ်လာပါတယ်။

ထားဝယ်သား ရေပညာရှင်တစ်ဦးဖြစ်တဲ့ ဦးကျော်ဦးကတော့ ပုံမှန်ထက်လွန်ကဲတဲ့ မိုးကြီးရေလျှံဖြစ်နေခြင်းရဲ့ အခြေခံအကြောင်းက ရာသီဥတုပြောင်းလဲလာပြီး အပူချိန်မြင့်တက်လာတာကြောင့်လို့ ဆိုပါတယ်။

ဦးကျော်ဦးက ဒီအကြောင်းနဲ့ ပတ်သက်ပြီး သူ့ရဲ့ ဖေ့ဘုတ်လူမှုကွန်ရက်စာမျက်နှာမှာ ဇူလိုင်လ ၂၇ ရက်နေ့က ရေးသားမျှဝေခဲ့ပါတယ်။

သူ့ရဲ့အဆိုအရ ၁၈၈၀ ပြည့်နှစ်ကစပြီး ကမ္ဘာ့မြေထုနဲ့ရေထုအပူချိန်ဟာ ဆယ်စုနှစ်တစ်ခုမှာ ပျမ်းမျှ ၀ ဒသမ ၁၃ ဒီဂရီ ဖာရင်ဟိုက် အထိ မြင့်တက်နေခဲ့တယ်လို့ ဆိုပါတယ်။

အပူချိန်မြင့်လာတဲ့အခါ ရေငွေ့ပျံမှု ပိုများလာပြီး လေထုထဲကို ရေငွေ့ပိုရောက်လာတာလို့ ဆိုပါတယ်။

ဒါကြောင့် ပုံမှန်ထက်ပိုမိုသည်းထန်စွာမိုးရွာလာတာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာလည်း လေပြင်းတိုက်တာ၊ မိုးကြိုးပစ်တာ စတဲ့ သဘာဝဘေးတွေကြောင့် လေးနှစ်တာကာလအတွင်း လူပေါင်းတစ်ထောင်ကျော် သေဆုံးခဲ့ရတယ်လို့ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေး လုပ်ငန်းစီမံချက်မှာ ဖော်ပြထားပါတယ်။

၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ သေဆုံးခဲ့ရသူ ၁၁၇၃ ဦး ရှိခဲ့ပြီး အဲဒီလုပ်ငန်းစီမံချက်ကို အစိုးရက ၂၀၁၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တာပါ။

သဘာဝဘေးကြောင့် ထိခိုက်ခံစားရတဲ့ ဒေသတွေထဲမှာ တနင်္သာရီတိုင်းလည်း ပါဝင်ပြီး လူသေဆုံးတာ၊ နေအိမ်တွေပျက်စီးတာတွေက နှစ်တိုင်းကြုံတွေ့နေရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကလည်း မိုးအကြီးအကျယ်ရွာလို့ လောင်းလုံးမြိုနယ်တစ်ကြောနဲ့ ရေဖြူမြို့နယ်ထဲက တောင်စောင်းတွေပြိုကျပြီး လူသူထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် လမ်း၊ တံတားနဲ့ လူနေအိမ်တွေပျက်စီးတာများပြားပြီး ကျပ်ငွေဘီလီယံပေါင်းများစွာ ဆုံးရှုံးခဲ့ရတဲ့ သာဓကတွေ ရှိခဲ့ပါတယ်။

အခုနှစ် ဇူလိုင်လ ၂၅ ရက်ကလည်း မိုးကြီးလို့ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု အင်းဂနီတွင်းရွာမှာ ရုတ်တရက် မြေပြိုတာတစ်ခု ဖြစ်ခဲ့ပါသေးတယ်။

မြေပြိုတာကြောင့် အသက် ၆၀ ကျော်အရွယ် သက်ကြီးရွယ်အို သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နှစ်ဦးကို ထားဝယ်ဆေးရုံကို တင်ပို့ကုသခဲ့ရပါတယ်။ နေအိမ် ၆ လုံးဟာလည်း မြေဖုံးတဲ့အထဲမှာ ပါသွားခဲ့ပါတယ်။

မြေပြိုမှုဘေးကနေ ကပ်သီးလေးလွတ်လာသူ ကိုလမင်းကတော့ သူကြုံတွေ့ခဲ့ရတဲ့ မြေပြိုတဲ့အကြောင်းကို အခုလို ပြောပြပါတယ်။

“ကျွန်တော်ကို တော်သေးလို့ မြေဖုံးမလို့။ ကျွန်တော်အိမ်နဲ့ တစ်အိမ်ကျော်မှာ ဆိုင်ကယ်အိမ်ထဲထိုးထည့်ပြီးပြေးတာနဲ့ မြေကပြိုပြီး လိုက်လာတာ။ နည်းနည်းပြေးပြီးတာနဲ့ ပြန်ကြည့်လိုက်တာ ဘာမှမရှိတော့ဘူး။ အိမ်တွေတစ်ခါတည်း မြေဖုံးသွားတာ” လို့ ကိုလမင်းက ဆိုပါတယ်။

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနကတော့ဒီမြေပြိုမှုမှာ ဒဏ်ရာရသွားတဲ့သူတွေကို ထောက်ပံ့ငွေနဲ့ ရိက္ခာပစ္စည်းတွေကို မြေပြိုပြီး နောက်တစ်နေ့မှာပဲ သွားရောက်ပေးအပ်ခဲ့ပါတယ်။

ဒဏ်ရာရသူ၊ နေအိမ်ပျက်စီးသူနှင့် အခြားထိခိုက်သူစုစုပေါင်း လူဦးရေး လေးဆယ်ကျော်အတွက် ငွေကျပ်ဆယ်သိန်းကျော် (၁၀၉၆၆၀၀ ကျပ်) ထောက်ပံ့ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေမှာ ကလေးသူငယ်တွေ၊ အသက်ကြီးရွယ်အိုတွေ၊ မသန်းစွမ်းသူတွေ၊ အမျိုးသမီးတွေ( အထူးသဖြင့် ကိုယ်ဝန်ဆောင်နှင့် ကလေးမိခင်) တွေကို ဦးစားပေးပြီး ကူညီစောက်ရှောက်ရမယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် နေအိမ်ခေါင်မိုးလွင့်ထွက်ပြီး အသက်သုံးလသားအရွယ် သမီးလေးတစ်ယောက် ဆုံးရှုံးခဲ့ရတဲ့ ကော့သောင်းမြို့က မခင်ခင်ထားမှာတော့ အစိုးရဘက်က ထောက်ပံ့တာတွေ မရသေးဘူးလို့ ဇူလိုင်လ ၂၅ ရက်မှာ ပြောပါတယ်။

“အစိုးရကတော့ ဘယ်အချိန်မှ ထောက်ပံ့မှု လာမယ်မှန်း တော့မသိဘူး” လို့ သူမက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ဘေး၊ အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း ပစ်ခတ်မှုတွေကြောင့် သေဆုံးရသူတွေ ထောင်သောင်းချီနေပြီး မိသားစုဝင်တွေရဲ့ မျက်ရည်ပင်လယ်ဝေခဲ့ပြီးပါပြီ။

သဘာဝဘေးကပါ နောက်ထပ် လူတွေရဲ့ အသက်တွေ၊ အိုးအိမ်၊ စည်းစိမ်တွေကို ကို နုတ်ယူဖျက်ဆီးပြီး လူတွေမျက်ရည်ပင်လယ်ဝေဖို့ အစပြုလာပြန်ပါပြီ။

လေပြင်းကြောင့် အသက်ဆုံးရှုံးသွားရတဲ့ သုံးလသမီးလေး မယမင်းသော်တာရဲ့ မိခင် ဒေါ်ခင်ခင်ထားကတော့ သူ့သမီးလေး သေဆုံးသွားရတာကို ငိုသံတဝက်နဲ့ ရေယှက်ပြီး ရင်ဖွင့်ခဲ့ပါတယ်။

“သမီးတစ်ယောက်လုံး အခုလိုဖြစ်သွားတော့ ယူကြုံးမရ ခံစားရပါတယ်။ အမေ့သမီးလေး ကံဆိုးတဲ့အထဲ ပါသွားတာပေါ့”