လောင်းလုံး ရေဖြူရွာသားငါးဦးကို ဖမ်းပြီးစစ်ဆေးနေ ဟုဆို

0
144
Dawei Watch, Dawei News, Dawei News Media

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စု ဝံတွင်းရွာနေ ဒေသခံ အမျိုးသားသုံးဦးနှင့် အမျိုးသမီးနှစ်ဦးကို ဇူလိုင်လ ၂၈ ရက်နေ့က ရဲနှင့် စစ်တပ်မှ ဖမ်းဆီးပြီး ရေဖြူအထက်တန်းကျောင်းတွင် စစ်ဆေးမေးမြန်းနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ထိုသို့ ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းခံနေရသူများမှာ ကိုကောင်းဝေယံ ခေါ် နီနီ၊ ဦးစိုးစိုးနှင့် ၎င်း၏တူဖြစ်သူ ကိုထွေးထွေး၊ ဒေါ်မြအေးနှင့် ၎င်း၏သမီးဖြစ်သူ တို့ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သပိတ်စစ်ကြောင်းထဲမှာ ပါတဲ့ဓာတ်ပုံတွေနဲ့ လာဖမ်းတာ” ဟု ဒေသခံတစ်ဦး က ပြောသည်။

ယနေ့နံနက် ၉ နာရီအချိန်မှစပြီး ရဲနှင့်စစ်သား အင်အားသုံးဆယ်ခန့်ဖြင့် လာရောက်ဖမ်းဆီးခဲ့ပြီး နေ့လယ် ၂ နာရီအထိ စစ်‌ဆေးနေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။

လောင်းလုံးမြို့နယ် ရေဖြူကျေးရွာတွင် ယင်းကဲ့သို့ ဝင်ရောက်ဖမ်းဆီးမှု မကြာခဏပြုလုပ်လေ့ရှိသည်။