မော်လမြိုင်တစ်မြို့လုံးနီးပါး ရေကြီး၊ လူအချို့စတင်ပြောင်းရွှေ့

0
446

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဇူလိုင်လ ၂၆ ရက်နေ့ ညနေပိုင်းခန့်မှစတင်ကာ တစ်မြို့လုံးနီးပါး ရေကြီးရေလျှံနေပြီး လူအချို့စတင်ပြောင်းရွှေ့နေရသည်ဟု ဒေသခံတို့ထံမှ သိရသည်။

ဇူလိုင်လ ၂၃ ရက်နေ့ကစပြီး သည်းထန်စွာရွာသွန်းသည့်မိုးကြောင့် ဇူလိုင်လ ၂၅ ရက်နေ့ နေ့လယ်ပိုင်းမှစကာ အနိမ့်ပိုင်းရပ်ကွက်အချို့ ရေစကြီးခဲ့ပြီး ၂၆ ရက်နေ့တွင် တစ်မြို့လုံးနီးပါး ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“အနိမ့်ပိုင်းရပ်ကွက်တွေနဲ့ ရေစီးရေလာမကောင်းတဲ့နေရာတွေမှာ မနေ့ကတည်းက ရေဝင်နေတာ မိုးကလည်း တစ်ချက်မှမရပ်တော့ ဒီနေ့ဆိုရင် တစ်မြို့လုံးနီးပါးပဲ ရေကြီးကုန်တယ်၊ အနိမ့်ပိုင်းက လူတွေကတော့ စတင်ပြောင်းရွှေ့နေရပြီ” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

ပြောင်းရွှေ့ရမည့် ရေဘေးသင့်ပြည်သူများအား ပြောင်းရွှေ့ပေးနိုင်ရေးနှင့် ရေဘေးသင့်ပြည်သူများအတွက် စားသောက်ရေးကို မြို့ပေါ်ရှိ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များနှင့် ပရဟိတအသင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးလျှက်ရှိသည်။

ကိုဗစ်ကူးစက်မှုမြင့်မားနေပြီး သေဆုံးနှုန်းလည်းများနေသည့် မော်လမြိုင်တွင် ယခုအခါ ရေကြီးရေလျှံသည့်ဒဏ်ကိုပါ ခံနေရသည့်အတွက် ကူညီကယ်ဆယ်မှုများ လိုအပ်နေသည်ဟုလည်း ကယ်ဆယ်ရေးအသင်းအဖွဲ့များထံမှ သိရသည်။

“ကိုဗစ်ကလည်း အရေးပေါ်ဖြစ်နေချိန်မှာ အခု ရေပါထပ်ကြီးတော့ အကုန်လုံး ဒုက္ခတွေရောက်ကုန်တယ်၊ လူမှုကယ်ဆယ်ရေးတွေကတော့ အတတ်နိုင်ဆုံး ကြိုးစားပြီး လုပ်ဆောင်ပေးနေဆဲပါ” ဟု လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများစီးဆင်းလာသည့်အတွက် မော်လမြိုင်မြို့အပြင် ရေး၊ ချောင်းဆုံ၊ ကျိုက်မရော၊ ပေါင်၊ မုတ္တမ အစရှိသည့် ဒေသတို့တွင်းလည်း ရေကြီးရေလျှံမှုဖြစ်ပွားနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

၎င်းပြင် မော်လမြိုင်-သံဖြူဇရပ်၊ သံဖြူဇရပ်-ရေးကားလမ်းပိုင်းနေရာအချို့တို့တွင်လည်း ရေကြီးရေလျှံမှုဖြစ်ပွားနေပြီး ကားငယ်များနှင့် ဆိုင်ကယ်များ ဖြတ်သန်းနိုင်ခြင်းမရှိပေ။