ဘီလူးကျွန်း တောင်ပြိုမှု တစ်ဦးသေ၊ နေအိမ် ၃ လုံးပျက်စီး

0
359

မွန်ပြည်နယ် ဘီလူးကျွန်း (ချောင်းဆုံမြို့နယ်) ကွမ်ရိုက်ရွာနှင့် ကဒါရွာတို့တွင် တောင်နံရံပြိုကျမှုဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးကာ နေအိမ် ၃ လုံး ပြိုကျပျက်စီးသွားသည်ဟု သိရသည်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဇူလိုင်လ ၂၆ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်က ကွမ်ရိုက်ရွာ ရပ်ကွက် (၈) တွင် တောင်နံရံပြိုကျပြီး နေအိမ် နှစ်လုံး အလုပ်ရုံ တစ်ရုံ မြေပိခဲ့ပြီး အသက် ၄၀ နှစ်အရွယ် ဒေါ်အုန်းမြင့်သည် မြေစာပုံအောက်တွင် ပိနေခဲ့သည်။

ကဒါရွာတွင်လည်း တောင်နံရံပြိုကျမှု နှစ်နေရာ ဖြစ်ပွားခဲ့ပြီး နေအိမ် တစ်လုံး ပြိုကျခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

တောင်ပြိုသည့်နေရာတို့တွင် ကူညီကယ်ဆယ်မှုများ ချက်ချင်း လုပ်ဆောင်နိုင်ရန်ကြိုးစားခဲ့ကြသော်လည်း တောင်ပြိုကျမှု ဆက်လက်ဖြစ်ပွားနေသည့်အတွက် ကယ်ဆယ်ရေးမလုပ်ဆောင်နိုင်ဘဲ ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်းမှသာ ကူညီကယ်ဆယ်မှုများ စတင်လုပ်ဆောင်နေရသည်ဟု ဒေသခံတို့က ပြောသည်။

“ဒီမနက် (ဇူလိုင် ၂၇) မှပဲ ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ရတယ်၊ မြေပြိုထားတဲ့နေရာ ဘေးနားအိမ်တွေကိုလည်း ပြောင်းရွှေ့မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်” ဟု ကွမ်ရိုက်ရွာခံတစ်ဦးက ပြောသည်။

ထို့အတူ ပေါင်မြို့ မိုနိုင်းရပ်ကွက်တွင်လည်း ဇူလိုင်လ ၂၆ ရက်နေ့က တောင်ပြိုမှုဖြစ်ခဲ့ပြီး လူတစ်ဦး မြေပိသေဆုံးသွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

မွန်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မော်လမြိုင်အပါအဝင် ဘီလူးကျွန်း၊ ကျိုက်မရော၊ ပေါင်၊ ရေမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအများစုတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်။

၎င်းပြင် မော်လမြိုင်-သံဖြူဇရပ်နှင့် သံဖြူဇရပ်-ရေကားလမ်းပိုင်းနေရာအချို့တို့တွင်လည်း ရေကျော်မှုဖြစ်ပွားခဲ့ပြီး ကား ဆိုင်ကယ်များ ဖြတ်သန်းမရဖြစ်ပွားခဲ့သည်။

၂၀၁၉ ခုနှစ်တုန်းကလည်း မွန်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာရှိ မလတ်တောင်ပြိုကျမှုဖြစ်ပွားခဲ့ရာ လူရာချီ သေဆုံးခဲ့သည်။