တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်ရောက်ရှိလုနီး

0
137

မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေသည် ဇူလိုင်လ ၂၇ ရက်နေ့ မနက်ပိုင်းအချိန်တွင် စိုးရိမ်ရေအမှတ်ရောက်ရှိရန် သုံးလက်မခန့်သာလိုတော့ကြောင်း သိရသည်။

မြိတ်ခရိုင် တနင်္သာရီမြို့နယ်၏ မြစ်ရေအား စိုးရိမ်ရေအမှတ်အဖြစ် ၁၇ ပေနှင့် အန္တရာယ်ရေအမှတ်မှာ ၂၄ ပေ သတ်မှတ်ထားကြောင်း သိရသည်။

မြစ်ရေများမြင့်တက်လာနေသဖြင့် မြို့တွင်းလမ်းအချို့တွင် ရေကြီးရေလျှံမှုများ စတင်ဖြစ်ပေါ်နေပြီဖြစ်ကြောင်း ချောင်းကြီးရပ်ကွက်နေသူ တစ်ဦးက ပြောသည်။

မိုးသည်းထန်မှုကြောင့် မြစ်ရေမြင့်တက်လာနိုင်သဖြင့် ကုန်းမြင့်ရှိ နီးစပ်ရာဆွေမျိုးအိမ်တို့တွင် ပြောင်းရွေ့နိုင်ရန် စီစဉ်နေရကြောင်း အထက်ပါ အသက် ၄၀ နှစ်ကျော်ရှိ အမျိုးသားက ပြောသည်။

ထို့ပြင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီမြိုနယ်အတွင်းရှိ လယ်သစ်၊ သာရဘွင် စသည့် ကျေးရွာအချို့တွင် ချောင်းရေမြင့်တက်လာပြီး လမ်းများနှင့် တံတားတို့တွင် ရေလျှံမှုနှင့် ကြုံတွေ့နေရပြီဖြစ်ကြောင်း သိရသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေ‌ကြောင်း ဇူလိုင်လ ၂၇ ရက်နေ့ မနက်ပိုင်းအချိန်က မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်အရ တနင်္သာရီတိုင်းဒေသကြီးတွင် ရွာရန်ရာနှုန်းအပြည့်ဖြင့် နေရာကွက်ကြား မိုးကြီးနိုင်ပြီး မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများကြောင့် တစ်နာရီလျှင်မိုင် ၄၀ အထိနှင့် လှိုင်းအမြင့် ၉ ပေမှ ၁၂ ပေအထိ ရှိနိုင်ကြောင်း သိရသည်။