သထုံတွင် နှစ်ရက်ဆက်တိုက် ပစ်ခတ်သတ်ဖြတ်မှုဖြစ်ပွား

0
230
Dawei Watch, Dawei News, Dawei News Media

မွန်ပြည်နယ် သထုံမြို့နယ်တွင် နှစ်ရက်ဆက်တိုက် ပစ်ခတ်သတ်ဖြတ်ခံရမှုဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဇူလိုင်လ ၂၄ ရက်နေ့တွင် သထုံမြို့နယ် မြေနီကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးမြင့်ရွှေကို အမည်မသိ သေနတ်သမားနှစ်ဦးက နေအိမ်တွင် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ပစ်သတ်ခံရသည့် ဦးမြင့်ရွှေသည် ဦးသိန်းစိန် အစိုးရလက်ထက်က ကျေးရွာအုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

ပစ်ခတ်ခံရသည့် ဦးမြင့်ရွှေသည် သေနတ်ဒဏ်ရာဖြင့် အခင်းဖြစ်ရာနေရာတွင် ပွဲချင်းပြီး သေဆုံးသွား‌ကြောင်း
ဒေသခံများက ပြောသည်။

“ဦးမြင့်ရွှေ ပစ်သတ်ခံရမှုနဲ့ ပတ်သက်ပြီးတော့ အခု ရွာမှာ စစ်ဆေးမှုတွေ လုပ်နေတယ်” ဟု သထုံဒေသခံတစ်ဦးက ပြောသည်။

ဇူလိုင်လ ၂၃ ရက်နေ့ကလည်း သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာအုပ်စု သမ္ဘာန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှမင်း နေအိမ်ရှိ ဈေးဆိုင်တွင် ဈေးရောင်းနေစဉ် အမည်မသိ လူနှစ်ဦးက ဈေးဝယ်ဟန်ဆောင်ပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သည်။

သေနတ်ဒဏ်ရာများဖြင့် ဦးလှမင်းသည် နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

ဇွန်လအတွင်းက သထုံမြို့နယ် နှင့် ရေးမြို့နယ်မှ ကျေးရွာ အုပ်ချုပ်ရေးမှူး နှစ်ဦး ပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့သေးသည်။