မွန်တွင် ရပ်ကွက်ကျေးရွာအချို့ ရေကြီးရေလျှံ

0
290

မွန်ပြည်နယ် ရေးမြို့နယ် ဟံဂံကျေးရွာနှင့် မော်လမြိုင်မြို့ပေါ်ရပ်ကွက်အချို့တို့တွင် ဇူလိုင်လ ၂၅ ရက်နေ့က ရေကြီးရေလျှံမှုဖြစ်ပွားနေသည်ဟု ဒေသခံများထံမှ သိရသည်။

ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဇူလိုင်လ ၂၅ ရက်နေ့ နေ့လယ်ပိုင်းခန့်မှစကာ မော်လမြိုင်မြို့ အနိမ့်ပိုင်းရပ်ကွက်အချို့တို့တွင် ရေစတက်လာနေသည်။

“အနိမ့်ပိုင်း အချို့မှာတော့ ရေတွေ စဝင်နေပြီ ။ မိုးကလည်း ကောင်းတုန်းပဲ” ဟု မော်လမြိုင် ဈေးကြိုရပ်ကွက်နေသူတစ်ဦးက ပြောသည်။

ထိုအတူ မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ် ဟံဂံကျေးရွာတွင်လည်း ဇူလိုင်လ ၂၅ ရက်နေ့ နံနက်မှစပြီး ရေကြီးရေလျှံမှုဖြစ်ပွားနေသည်ဟု ဒေသခံများထံမှ သိရသည်။

မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများစီးဆင်းလာသည့်အတွက် ရေကြီးရေလျှံမှုဖြစ်ပွားခြင်းဖြစ်သည်ဟုလည်း ဒေသခံများက ပြောသည်။

ကျေးရွာအတွင်း ဇူလိုင်လ ၂၄ ရက်နေ့ ညပိုင်းကတည်းက ရေစတက်လာကြောင်း ယနေ့နံနံက်ပိုင်းမှာတော့ အနိမ့်ပိုင်းနေရာတို့တွင် ရေနှစ်ပေကျော်အထိဖြစ်နေသည်ဟုလည်း ဒေသခံများက ပြောသည်။

“ညကတည်းက ရေစတက်နေတာ၊ မိုးကလည်း ဆက်ရွာနေတော့ မြုပ်ကုန်တာပေါ့ အခုလည်း မိုးရွာနေတုန်းပဲ ဒီထက်ပိုဆိုးလာမှာကိုပဲ စိုးရိမ်နေတယ်” ဟု ဟံဂံကျေးရွာခံတစ်ဦးက ပြောသည်။

ဟံဂံကျေးရွာသည် ရေကြီးရေလျှံမှု နှစ်စဉ်နှစ်တိုင်းဖြစ်ပွားလေ့ရှိကြောင်း ၂၀၁၉ ခုနှစ်တုန်းက ရေကြီးရေလျှံမှု ဆိုးရွားစွာဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

မွန်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဇူလိုင်လ ၂၀ ရက်နေ့က မော်လမြိုင်-သံဖြူဇရပ်ကားလမ်းပိုင်းနေရာအချို့တို့တွင် ရေကြီးရေလျှံခဲ့သေးသည်။