ဘီးလင်းတွင် လေပြင်းကြောင့် နေအိမ်အများအပြားပျက်စီး

0
231

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာအုပ်စုအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၉၀ ကျော် ထိခိုက်ပျက်စီးမှုရှိကြောင်း ဒေသခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ဇူလိုင်လ ၂၃ ရက်နေ့ ညနေပိုင်းက တိုက်ခတ်ခဲ့သည့် လေပြင်းကြောင့် ဇုတ်သုတ်ကျေးရွာအုပ်စု ရွာလေးပိုင်းနှင့် အနိုင်းပွန်းကျေးရွာအတွင်းရှိ လူနေအိမ် အမိုးလန်ခြင်း၊ ပြိုကျခြင်း၊ နေအိမ်ပေါ် သစ်ပင်လဲကျခြင်း လမ်းပေါ် သစ်ပင်လဲကျခြင်းနှင့် ဓာတ်တိုင်လဲကျခြင်းများဖြစ်ပွားခဲ့သည်။

လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျသွားသည့်လူနေအိမ် များရှိသလို ထိခိုက်ပျက်စီးသွားသည့် နေအိမ်လည်းရှိသည်ဟု သိရသည်။

“မနေ့ ညနေပိုင်းလောက်ကပေါ့ လေကအတော်ပြင်းပါတယ်။ နေအိမ်တွေလည်း အများကြီး ထိသွားတယ်။အမိုးလန်သွားတာ နောက်ပြီးတော့ သစ်ပင် သစ်ကိုင်းကျိုးကျပြီး ထိသွားတာတွေလည်းရှိတယ်” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လူ ထိခိုက်သေဆုံးမှုမရှိကြောင်း ဒေသခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။

လက်ရှိတွင် လေပြင်းကြောင့် နေအိမ် ထိခိုက်ပျက်စီးသွားသူများအတွက် အကူအညီများလိုအပ်နေသည်ဟု ဒေသခံများက ပြောသည်။

လေပြင်းကြောင့် ပျက်စီးမှုဖြစ်သွားသည့်နေရာများတွင် မီးသတ်တပ်ဖွဲ့၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ ပရဟိတသမားများနှင့် ဒေသခံပြည်သူတို့က ရှင်းလင်းပေးလျှက်ရှိသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ပေါင်မြို့နယ်အတွင်း မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ထိခိုက်ပျက်စီးမှုရှိခဲ့သည်။

မွန်ပြည်နယ်တွင် ဇူလိုင်လ တတိယအပတ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကားလမ်းရေကျော်မှုဖြစ်ပွားခဲ့သည့်အပြင် အနိမ့်ပိုင်း လူနေရပ်ကွက် ကျေးရွာအချို့တို့တွင်လည်း ရေဝင်ခဲ့သည်။