ထားဝယ်ဆေးရုံ ကိုဗစ်လူနာလက်မခံဆိုသည့်သတင်း မမှန်ကန်ကြောင်း ဆေးရုံတာဝန်ရှိသူများ တုံ့ပြန်

0
182

ထားဝယ်ပြည်သူ့ဆေးရုံတွင် ကိုဗစ်လူနာများ လက်ခံပေးခြင်းမရှိကြောင်း သတင်းများထွက်ပေါ်နေပြီး ယင်းအချက်မှာ မှန်ကန်ခြင်းမရှိကြောင်း ဆေးရုံတာဝန်ရှိသူအချို့က တုံ့ပြန်သည်။

ထားဝယ်ဆေးရုံတွင် ဆရာဝန်နှင့် အနီးကပ်ကြပ်မတ်ကုသရမည့် အရေးကြီး ကိုဗစ်လူနာများကို လက်ခံကုသပေးနေကြောင်း ယင်းဆေးရုံ ကိုဗစ်ကုသရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ထားဝယ်မြို့တွင် သီတာဂူဆေးရုံ၊ ထားဝယ်ကွန်ပျူတာတက္ကသိုလ်၊ သူနာပြုသင်တန်းကျောင်း၊ ခလရ ၂၅ တပ်ရင်း မျက်နှာချင်းဆိုင်ရှိ စာသင်ကျောင်းတို့တွင် ကိုဗစ်ကုသရေးစင်တာများ ဖွင့်လှစ်ပြီး ကုသပေးနေကြောင်း သိရသည်။

အထက်ပါ ကိုဗစ်ကုသရေးစင်တာများမှ အရေးကြီးလူနာများကို ထားဝယ်ဆေးရုံကြီးတွင် လွှဲပြောင်းကုသပေးနေသည်ဟု ယင်းတာဝန်ရှိသူက ဆိုသည်။အရေးကြီးကိုဗစ်လူနာဖြစ်သည့် အောက်ဆီဂျင်ပေးပြီးကုသရမည့်လူနာ၊ ဆရာဝန်နှင့် အနီးကပ်ကြပ်မတ် ကုသရမည့်လူနာနှင့် အခြားနေရာအသီးသီးမှ ရောက်လာသည့် အရေးကြီးလူနာများအား ထားဝယ်ဆေးရုံတွင် ထားရှိကုသပေးကြောင်း အဆိုပါ တာဝန်ရှိသူက ရှင်းပြသည်။

ထားဝယ်ဆေးရုံတွင် အရေးကြီးလူနာ ၄၈ ဦး ထားရှိကုသနိုင်သည့် နေရာပြင်ဆင်ထားပြီး လက်ရှိတွင်လူနာသုံးဆယ်ခန့်ကို ကုသပေးနေကြောင်း ၎င်းကဆိုသည်။“နောက်ထပ် နေရာတွေ ဆေးရုံထဲမှာ ထားပြီးကုလို့ရအောင် တိုးချဲ့ဖို့လုပ်နေတာတွေလည်းရှိပါတယ်” ဟု ၎င်းတာဝန်ရှိသူက ပြောသည်။

ထား‌ဝယ်ဆေးရုံကြီးတွင် တပ်မိသားစုဝင်များ လာရောက်ကုနေသဖြင့် အခြားလူနာများအား လက်ခံကုသပေးခြင်းမရှိတော့ ကြောင်း ကောလဟလသတင်းများ ထွက်ပေါ်နေသဖြင့် Dawei Watch က ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူများက ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။“စစ်တပ်ကလူတွေနဲ့ ပြည့်နေတယ်ဆိုတာမရှိပါဘူး။

ကျွန်တော်သိသလောက် စစ်တပ်ကလူတွေ မရှိသလောက်ပါပဲ” ဟု ထားဝယ်ဆေးရုံ ကိုဗစ်ကုသရေးဌာနမှ စေတနာ့ဝန်ထမ်းတစ်ဦးက ဆိုသည်။ထားဝယ်မြို့ပေါ် ကိုဗစ်ကုသရေးစင်တာလေးခုစလုံးတွင် လက်ခံနိုင်သည့် လူနာအရေအတွက် ပြည့်လုနီးပါးဖြစ်နေကြောင်း ၎င်းစေတနာ့ဝန်ထမ်းက ဆိုသည်။

ကိုဗစ်လူနာနှင့် ထိတွေ့ဖူးသူအချို့နှင့် သံသယလက္ခဏာရှိသူအချို့က ဆေးရုံသွားမပြဘဲ မိမိအစီအစဉ်ဖြင့် ကုသနသူလည်းရှိနေသည်။