ထားဝယ်ခရိုင်တွင် တစ်ရက်အတွင်း ကိုဗစ်လူနာ ခြောက်ဦးသေဆုံး

0
133

ထားဝယ်ခရိုင်တွင် ဇူလိုင်လ ၂၃ ရက် တစ်ရက်အတွင်း ကိုဗစ်လူနာ ခြောက်ဦးသေဆုံးကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

ယင်းနေ့ တစ်ရက်တည်းတွင် ထားဝယ်မြို့နယ်၌ ကိုဗစ်လူနာ ငါးဦး သေဆုံးခဲ့ပြီး သရက်ချောင်းမြို့နယ်တွင် ၁ ဦးသေဆုံးခဲ့သည်ဟု အထက်ပါဌာနက ထုတ်ပြန်ချက်အရ သိရသည်။

ဇူလိုင်လ ၁ ရက်မှ ၂၃ ရက်နေ့အထိ(၁၈-၁၉-၂၀ ရက်များမပါဘဲ) ရက် ၂၀ အတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၆၅၄ ဦးရှိပြီး သေဆုံးသူမှာ ၁၃ ဦးရှိကြောင်း အထက်ပါဌာန၏ စာရင်းများအရ သိရသည်။

ရပ်ကွက်၊ ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါ သံသယဖြင့် (ရောဂါပိုးမစစ်ဘဲ) သေဆုံးမှုများလည်း ရှိနေနိုင်သဖြင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်သည့် စာရင်းများအရ ရောဂါဖြစ်ပွားမှု ဦးရေနှင့် သေဆုံးသူစာရင်း ကွာဟမှုများ ရှိနိုင်ကြောင်း ဒေသခံများက ဝေဖန်ပြောဆိုကြသည်။

ကိုဗစ်ပိုးတွေ့လူနာဉီးရေနှင့် သေဆုံးသူစာရင်းအားမေးမြန်းရန်
တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနတာဝန်ရှိသူထံ
ဖုန်းဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။

ရပ်ရွာအတွင်း ကိုဗစ်ရောဂါကို ကိုယ်ပိုင်အစီအစဉ်များဖြင့် ကုနေသူများလည်း ရှိနေသလို လောင်းလုံးမြို့နယ်တွင် ကိုဗစ်လူနာများကိုလည်း နေအိမ်သို့ ပြန်လွှတ်သည့် ဖြစ်စဉ်များလည်း ရှိသဖြင့် ရောဂါပိုး မစစ်ဘဲ ကိုဗစ်ရောဂါဖြစ်ပွားသူများနှင့် ပိုးမစစ်ဘဲ သေဆုံးနေသူများ ရှိနိုင်သည်ဟု ထားဝယ်မြို့နာရေးကူညီမှုအသင်း အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။

“ကိုဗစ်နဲ့ သေတယ် ကိုဗစ်နဲ့ မသေဘူးဆိုတာက ပိုးစစ်ပြီးမှ တရားဝင် ပြောရတာကိုး၊ လူနာရှင်တွေဘက်က ကိုဗစ်နဲ့ သေတာကို ပြောဖို့ အရမ်းဝန်လေးတယ်၊ လက္ခဏာတွေပြပြီး သေသွားတာတောင် ကိုဗစ်နဲ့ သေတာကို ပြောဖို့ အရမ်းဝန်လေးတယ်။ ဘယ်အလောင်းကိုမဆို PPE ဝတ်ပြီး ချနိုင်ရင်တော့ အကောင်းဆုံးပဲ” ဟု ၎င်းက ပြောသည်။

ဓာတ်ပုံ- နာရေးကူညီမှု(ထားဝယ်)