ငါးအထိအမိနည်းသည့်အပြင် ငါးဈေးပါကျ၍ တစ်နိုင်တစ်ပိုင်ငါးဖမ်းလှေရှင်များ အရှုံးပေါ်

0
237

ပင်လယ်ပြင်တွင် ငါးဖမ်းဆီးရရှိမှုနည်းလာသည့်အပြင် ငါးဈေးပါကျလာသည့်အတွက် ထားဝယ်ဒေသရှိ ဒေသခံငါးဖမ်းလှေငယ်များ အရှုံးပေါ်နေကြကြောင်း
ရေလုပ်သား အချို့က ညည်းတွားနေကြသည်။

ပြီးခဲ့သည့် ဇွန်လက ငါးဈေးကောင်းခဲ့သော်လည်း ယခုလတွင်မူ ရာသီဥတုအခြေအနေကြောင့် ငါးရရှိမှုနည်းလာသည့်အပြင် ငါးဈေးပါ ကျသွားသည့်အတွက် ဒေသခံငါးဖမ်းလှေအချို့ အရှုံးပေါ်နေသည်ဟု လောင်းလုံးမြို့နယ် သဘော့ဆိပ်ရွာမှ ငါးဖမ်းလှေပိုင်ရှင် ဒေါ်ချိုကဆိုသည်။

ထိုသို့ အရှုံးပေါ်နေသည့်အတွက် ပင်လယ်ပြင်သို့ငါးဖမ်းမထွက်တော့ဘဲ အခြေအနေစောင့်ကြည့်နေကြောင်း ၎င်းက ပြောသည်။

ကမ်းနီးငါးဖမ်းလှေငယ်အချို့မှာ ပျမ်းမျှအားဖြင့် ပင်လယ်ပြင်ငါးဖမ်းရာတွင် ၁၅ ရက်တစ်ကြိမ် ကမ်းသို့ပြန်ဝင်လေ့ရှိသည်။

“တစ်လ သိန်းငါးဆယ်နဲ့အထက်ရမှ ပိုင်ရှင်အတွက် ကျန်တယ်။ အခုက ငါးပုံး လေးငါးပုံးလောက်နဲ့ရှုံးတာပေါ့။ ဒီလတော့ အခြေအနေစောင့်ကြည့်ရင်း (လှေ) တစ်ခေါက် နားလိုက်တယ်”ဟု ဒေါ်ချိုက ပြောသည်။

ပြီးခဲ့သည့်ဇွန်လက လှေတစ်တစ်ခေါက်ဝင် (၁၅ရက်ကြာ) လျှင် ငါး ၁၅ ပုံးခန့် ရရှိကြောင်း ၎င်းက ဆိုသည်။

လက်ရှိဇူလိုင်လတွင်မူ လှေတစ်ခေါက်လျှင် ငါး ၆ ပုံးခန့်သာရတော့သည့်အပြင် ငါးဈေးပါကျသွားကြောင်း ဒေါ်ချိုက ပြောသည်။

“ငါးကွန်းရှပ်တစ်ပုံးကို အရင်က လေးသိန်းလောက်ရတယ်။ အခုက နှစ်သိန်းပဲ ရတော့တယ်”ဟု ၎င်းက ဆိုသည်။

သဘော့ဆိပ်ကျေးရွာနေ ကိုလွင်မောင်စိုးကလည်း လက်ရှိ ကိုဗစ်ကပ်ဘေးကာလတွင် ငါးဖမ်းလှေအများစုမှာ ငါးဈေးကျသည့်အတွက် စီးပွားရေးအရ တွက်ခြေ မကိုက်ဖြစ်နေရသည် ဆိုသည်။

“ရွာမှာက အရင်ကနဲ့မတူဘူး။ ကိုဗစ်ကလည်း ဖြစ်လာတော့ အရင်ကတစ်သိန်းခွဲလောက်ရတဲ့ ငါး ၁ ပုံးကိုအခုတစ်သိန်းပဲ ရတယ်။ ထားဝယ်က ငါးဒိုင်အချို့ကလည်း ပိတ်လိုက်တယ် တစ်ခြားနယ်တွေက အဝယ်တွေ သိပ်မလာတော့ဘူး။ ပါလာတဲ့ ငါးတွေကို ရွာမှာပဲ ရောင်းလိုက်ရတယ်” ဟု ကိုလွင်မောင်စိုးက ပြောသည်။

ထားဝယ်ဒေသရှိ သဘော့ဆိပ်၊ စမ်းလှမ်း၊ ကျောက်နီမော်၊ ကြက်လွှတ်၊ ပန်းတင်အင်း စသည့်ကျေးရွာများတွင် ဒေသခံများ၏ လှေဖမ်းလှေငယ်များဖြင့် တစ်နိုင်တစ်ပိုင်လုပ်ကိုင်သူများရှိသကဲ့သို့ ကမ်းနီးငါးဖမ်းလှေများဖြင့် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူ များလည်းရှိသည်။