မွန်တွင် တစ်ရက်အတွင်း ကိုဗစ်လူနာ ၃၂ ဦး သေဆုံး

0
523

ကိုဗစ်ကူးစက်မှုနှုန်းများနေသည့် မွန်ပြည်နယ်တွင် ဇူလိုင်လ ၂၀ ရက်နေ့ တစ်ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၃၂ ဦး သေဆုံးသွားကြောင်း ကိုဗစ်အရေး ကူညီဆောင်ရွက်ပေးနေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

သေဆုံးသူ ၃၂ ဦးတွင် မော်လမြိုင်ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသ ခံယူနေသည့် အတည်ပြုလူနာ ၂၇ ဦးနှင့် နေအိမ်တွင် သေဆုံးသည့် သံသယလူနာ ၅ ဦးတို့ဖြစ်သည်ဟု သိရသည်။

မွန်ပြည်နယ်တွင် ဇွန်လဆန်းပိုင်းခန့်မှစပြီး ကိုဗစ်ကူးစက်မှု ဆက်တိုက်မြင့်တက်လာခဲ့ပြီးနောက် အတည်ပြုလူနာ သေဆုံးမှုလည်း ဆက်တိုက်မြင့်တက်လာခဲ့ကြောင်း ကိုဗစ်အရေး ကူညီဆောင်ရွက်ပေးနေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။

“လူနာသေဆုံးမှုကတော့ နေ့တိုင်းတိုးလာနေတယ်၊ ကိုဗစ်သံသယနဲ့ သေတဲ့လူတွေလည်း နေ့တိုင်းရှိတယ်” ဟု ကိုဗစ်နှင့် ပတ်သက်ပြီး ကူညီပေးနေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် မွန်ပြည်နယ် ၁၀ မြို့နယ်လုံးတွင် ကိုဗစ်ကူးစက်မှုများနေပြီး ရောဂါကူးစက်မှု အများဆုံးမှာ မော်လမြိုင်နှင့် သံဖြူဇရပ်မြို့နယ်တို့ဖြစ်သည်။

ကိုဗစ်အတည်ပြုလူနာများကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီး Isolative Ward-3, Isolative Ward-1 နှင့် မော်လမြိုင်တက္ကသိုလ် (၁၀) မြို့နယ်ဆောင်တို့အပြင် မြို့နယ်အသီးသီးတွင်လည်း ဆေးကုသပေးနေသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဇူလိုင်လ ၂၀ ရက်နေ့အထိ စာရင်းများအရ မွန်ပြည်နယ်အတွင်း ကိုဗစ်ကူးစက်ခံရသူ ၄၀၀၀ ကျော်ရှိပြီး သေဆုံးလူနာ ၂၀၀ နီးပါးရှိသွားပြီးဖြစ်သည်။