အိမ်အရောက်ပို့ဈေးကား ထားဝယ်တွင် စတင်

0
310

ထားဝယ်မြို့အတွင်း အိမ်အရောက်ပို့ဆောင်သည့် ဈေးကား ဝန်ဆောင်မှုကို ဇူလိုင်လ ၁၈ ရက်နေ့က စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

D-Mark အမည်ရှိ အဆိုပါဈေးကားကို လက်ရှိတွင် ဟိုက်ဂျက်ကား ၃ စီးဖြင့် စတင်ခဲ့ပြီး နောက်ပိုင်းတွင် ၆ စီးအထိ တိုးချဲ့လုပ်ကိုင်ရန် စီစဉ်နေကြောင်း ယင်းလုပ်ငန်း တည်ထောင်သူက ဆိုသည်။

အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် ဘုရားပန်း စသည့် ပစ္စည်းမျိုးစုံကို ဖုန်းဆက်ဝယ်ယူနိုင်ပြီး ဈေးအတွင်းရောင်းချနေသည့် ဈေးနှုန်းထက် ပိုသက်သာမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်း အိမ်တိုင်ရာရောက် ဈေးကားကို နံနက် ၆ နာရီခွဲမှ ၁၀ နာရီခွဲအထိနှင့် မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီ အထိ အချိန်နှစ်ပိုင်းခွဲကာ ဖုန်းဆက်ခေါ်ယူနိုင်ကြောင်း ယင်းလုပ်ငန်းထံမှ သိရသည်။

ဈေးကားခေါ်ယူလိုပါက ၀၉၇၇၁၁၁၄၂၇၆ ထံ ဆက်သွယ်နိုင်ကြောင်း အဆိုပါ လုပ်ငန်းထံမှ သိရသည်။

ကိုဗစ်ကူးစက်မှုများနေသည့် ကာလတွင် ဈေးသွားပြီး လူစုလူဝေးရှောင်စေလိုသည့်အတွက် ယင်းဝန်ဆောင်မှုကို စလုပ်ဖြစ်ကြောင်း အဆိုပါ လုပ်ငန်းကို တည်ထောင်သူက ဆိုသည်။

ဝယ်ယူသည့်တန်ဖိုး မည်မျှပင် နည်းနေစေကာမူ သွားရောက်ရောင်းချပေးမည်ဖြစ်ပြီး ရောင်းချမည့်ပစ္စည်းများကို ကျန်းမာရေးနှင့် ညီညွတ်အောင်လုပ်ထားကြောင်း အဆိုပါ တည်ထောင်သူက ဆိုသည်။

“ကြိုက်တဲ့အချိန်ဖုန်းဆက် ကန်စွန်းရွက်နှစ်စည်းလည်း လိုက်ပို့တာပဲ” ဟု ၎င်းက ပြောသည်။

ထို့အပြင် ဝယ်ယူသည့်ပစ္စည်း ဈေးကားတွင် မပါက သီးခြားသွားဝယ်ပေးကြောင်း အဆိုပါလုပ်ငန်းထံမှ သိရသည်။

ထားဝယ်ဒေသတွင် ယခင်ကတည်းက ဆိုင်ကယ်၊ စက်ဘီး၊ သုံးဘီး၊ ဟိုက်ဂျက်ကားများဖြင့် ဈေးရောင်းချသူများရှိခဲ့သည်။

သို့ရာတွင် ထားဝယ်မြို့အတွင်း သာမန်အားဖြင့် နံနက်ပိုင်းတွင်သာ လှည့်ပတ်ရောင်းချကြသည်။

ထားဝယ်မြို့တွင် ယင်းဈေးကားဝန်ဆောင်မှုအပြင် ကိုဗစ်ကူးစက်ခံရသူများ၊ ထိတွေ့ခဲ့သူများအတွက်လည်း ဝယ်ယူသည့်ပစ္စည်းဖိုးသာယူပြီး အခမဲ့ပို့ဆောင်ပေးသည့် ကူညီသူများ ရှိလာသည်။