ထားဝယ်အိမ်ခြံမြေ အရောင်းအဝယ် ပြန်ဖြစ်

0
236

တပ်အာဏာသိမ်းပြီးနောက် ထားဝယ်တွင် အိမ်ခြံမြေအရောင်းအဝယ် ဈေးကွက်မှာ ရပ်တံ့လုနီးပါးဖြစ်ခဲ့ရာမှ လက်ရှိတွင် အရောင်းအဝယ်ပြန်ဖြစ် လာကြောင်း အိမ်ခြံမြေအကျိုးဆောင်အချို့ထံမှ သိရသည်။

ဇွန်လမှ စတင်ကာ အိမ်ခြံမြေကွက်နှင့် ဥယာဉ်ခြံများ အရောင်းအဝယ် ဖြစ်လာပြီး ဇူလိုင်လ ပထမအပတ်နှင့် ဒုတိယအပတ်တွင် ပိုများလာကြောင်း ထားဝယ်မြို့မှ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်သူ ဒေါ်သီတာစောက ပြောသည်။

“နှစ်လလောက်ကတော့ မရောင်းရဘူး၊ ဇွန်လရောက်ချိန်မှာတော့ တဖြည်းဖြည်းနဲ့ အဆင်ပြေလာတယ်၊ အရောင်းအဝယ်လည်း နည်းနည်းသွက်လာတယ်၊ အခု ရောင်းဝယ်အဖြစ်ဆုံးကတော့ သိန်းနှစ်ရာ ဝန်းကျင်တွေ အရောင်းအဝယ်များလာတယ်” ဟု ဒေါ်သီတာစောက ဆိုသည်။

ဖေဖော်ဝါရီလ အာဏာသိမ်းပြီးချိန်မှ သင်္ကြန်ကာလအထိ အရောင်းအဝယ်ရပ်ဆိုင်းလုနီးဖြစ်သွားကြောင်း ထားဝယ်မြို့မှ အိမ်ခြံမြေအကျိုးဆောင် အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် အရောင်းအဝယ်ဖြစ်ပြန်သွက်လာပြီး ဝယ်ယူပါက မြေတန်ဖိုး၏ တစ်ဝက်ကို ဘဏ်အကောင့်အချင်းချင်းလွှဲပြီး ကျန်ငွေတစ်ဝက်ကို ငွေသားပေးသည့် ပုံစံဖြင့် အရောင်းအဝယ်လုပ်သူများလာကြောင်း ၎င်းက ပြောသည်။

“လူတွေက ငွေကြေးမကိုင်ချင်ကြဘူးဆိုတော့ ဒေါ်လာဝယ်မယ်ဆိုလည်း ဒေါ်လာဈေးကတက်နေတယ်၊ ရွှေဈေးကလည်း တက်နေတယ်။ မြေဈေးကျတော့ မတက်ဘဲ ကျနေတယ်ဆိုတော့ ငွေပိုရှိတဲ့သူတွေ အတွက်ကတော့ မြေဝယ်တာ တွက်ခြေကိုက်လိမ့်မယ် မှန်းကြတာပေါ့။ ဒါကြောင့် မြေဝယ်ဖို့ စိတ်ဝင်စားလာကြတာပေါ့နော်” ဟု အထက်ပါ အမျိုးသားက ဆိုသည်။

လက်ရှိတွင် ကျပ်သိန်းငါးရာအောက် အိမ်ခြံမြေအကွက်နှင့် ဥယာဉ်ခြံမြေများသာ အရောင်းအဝယ်ဖြစ်နေပြီး ကျပ်သိန်းငါးရာ အထက် အိမ်ခြံမြေနှင့် ဥယာဉ်ခြံမြေများမှာ အရောင်းအဝယ်နည်းနေကြောင်း အကျိုးဆောင်များထံမှ သိရသည်။