မြို့နယ်ကိုဗစ် Call စင်တာများ စဖွင့်

0
189

ကိုဗစ်‌ရောဂါ နှင့်ပတ်သတ်၍ ဖုန်းဆက်မေးမြန်းနိုင်သည့် ဖုန်းခေါ်ဆိုမှုစင်တာများကို ထားဝယ်ခရိုင်ရှိ မြို့နယ်အချို့တွင် ဇူလိုင်လ ဒုတိယအပတ်တွင် စတင်ဖွင့်လှစ်ထားကြောင်း သိရသည်။

ယင်းဖုန်းခေါ်ဆိုမှု စင်တာတွင် မြို့နယ်ဆရာဝန်ကြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ ဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် ထားဝယ်ခရိုင်ရှိ လောင်းလုံးနှင့် ရေဖြူမြို့နယ်တွင် ယင်း Call စင်တာများ ဖွင့်လှစ်ထားပြီး အခြားမြို့နယ်များတွင်မူ ဖွင့်ပြီး/ မပြီး မသိရသေးပေ။

တနင်္သာရီတိုင်းအတွင်းရှိ အခြားမြို့နယ်အားလုံးတွင်လည်း ဖွင့်လှစ်ရန် ညွန်ကြားထားကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောကြားသည်။

“အဓိကကတော့ ကိုဗစ်နဲ့ပတ်သတ်တဲ့ ကျန်းမာရေးကိစ္စတွေပေါ့နော်။ သံသယရှိတယ်ဆိုရင် ဘာလက္ခဏာတွေပြတယ်၊ ဘာဆေးတွေ သောက်သင့်တယ်ဆိုတာကို ဆရာဝန်ကြီးတွေကနေ ဖုန်းနဲ့ ညွန်ကြား‌ပေးမှာပေါ့” ဟု ဦးအောင်စိုးမိုးက ပြောသည်။

ကိုဗစ်ရောဂါလက္ခဏာရှိနေသူများ၊ ဆေးရုံ၊ ဆေးခန်းသွားရန် အခက်အခဲရှိသူများလည်း မြို့နယ်အလိုက် ထုတ်ပြန်ထားသည့် ဖုန်းခေါ်ဆိုမှုစင်တာ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ကြောင်း ၎င်းကဆိုသည်။

မြေပြင်အခြေအနေတွင်လည်း ကိုဗစ်လူနာနှင့် ထိတွေ့သူ၊ လက္ခဏာပြနေသူတို့မှာ ဆေးရုံ၊ ဆေးခန်းသွားပြရန် အခက်အခဲရှိနေကြသည်။

မြို့နယ်ဆေးရုံအချို့တွင် ကိုဗစ်လူနာများပြည့်နေသဖြင့် အချို့ကို အိမ်ပြန်လွှတ်ပြီး မိမိအစီအစဉ်ဖြင့် ကုသနေရသူများလည်း ရှိနေသည်။

ကုသိုလ်ဖြစ် ဆေးခန်းရှိ ဆရာဝန်များကလည်း ကိုဗစ်ရောဂါ သံသယရှိသူများအား နေအိမ်တွင်ပင်‌နေ‌စေပြီး မည်ကဲ့သို့ ကုသရမည်ကို ဖုန်းဖြင့် အကြံပေးလျှက်ရှိသည်။

တနင်္သာရီတိုင်းအတွင်း ကိုဗစ်ကူးစက်မှုမြင့်တက်နေပြီး သေဆုံးလူနာလည်း နေ့စဉ်နီးပါးရှိနေသည်။