တစ်ညတာ အိပ်ရေးပျက်ခြင်းရဲ့ ဆိုးကျိုး

0
1305

လေ့လာတွေ့ရှိချက်အသစ်အရ တစ်ညလောက် အိပ်ရေးပျက်ခြင်းက လူတွေရဲ့နေ့စဉ်စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ သုခချမ်းသာ ကို အနှောင့်အယှက်ဖြစ်စေဖို့ လုံလောက်မှုရှိပါတယ်။

အိပ်ရေးပျက်တာဟာ နေ့စဉ်ရက်ဆက်ဖြစ်လာပြီဆိုရင်တော့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုတွေ မြင့်တက်လာမှာ ဖြစ်ပါတယ်။

“အိပ်ရေးပျက်တာ များလာတာနဲ့အမျှ အပြုသဘောဆောင်တဲ့ အကောင်းမြင်စိတ်ခံစားမှုတွေ ယုတ်လျော့လာပြီး၊ အဆိုးမြင်စိတ်ခံစားမှုတွေ တိုးလာနိုင်တယ်။ နောက်ပြီး ရုပ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာတွေ ပိုမိုဆိုးရွားပြင်းထန်လာနိုင်တယ်”လို့ Soomi Lee က ဆိုပါတယ်။

Lee ဟာ the University of South Florida’s School of Aging Studies မှ တွဲဖက်ပါမောက္ခတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အိပ်စက်ခြင်း၊ ဖိစီးမှုနဲ့ ကျန်းမာရေးဆိုင်ရာ သုတေသနခန်း ရဲ့ ဒါရိုက်တာတစ်ဦးလည်း ဖြစ်ပါတယ်။ သူမဟာ အိပ်စက်ခြင်းနဲ့ လူတွေကို လွှမ်းမိုးမှုရှိတဲ့ ကွဲပြားခြားနားတဲ့ အချက်တွေအကြောင်းကို လေ့လာနေသူတစ်ဦးလည်း ဖြစ်ပါတယ်။

အမေရိကန် ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန(US Centers for Disease Control and Prevention)ရဲ့ ထုတ်ပြန်ချက်အရ အရွယ်ရောက်ပြီးတဲ့သူတစ်ယောက်အနေနဲ့ တစ်ညကို အနည်းဆုံး ၇နာရီလောက် အိပ်ဖို့လိုအပ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သုံးယောက်မှာ  တစ်ယောက်က ဒါကို လိုက်နာဖို့ ပျက်ကွက်လျှက်ရှိတယ်လို့ ဆိုပါတယ်။

စိတ်ဖောက်ခြင်း၊ အဝလွန်ခြင်း၊ ဆီးချိုနဲ့ နှလုံးသွေးကြောနဲ့ ဆိုင်တဲ့ရောဂါတွေလို ရောဂါလက္ခဏာတွေကို ခံစားနေရမှု ပိုမိုမြင့်မားလာခြင်းဟာ အိပ်ရေးပျက်တာနဲ့ ဆက်စပ်မှုရှိတယ်လို့ လေ့လာမှုမှတ်တမ်းများအရ သိရပါတယ်။

ရက်ဆက်အိပ်ရေးပျက်ခြင်းရဲ့ နေ့စဉ်အကျိုးသက်ရောက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် သုတေသန ပြုထားတာတွေတော့ မရှိသေးပါဘူး။ ယခုလေ့လာမှုအသစ်က ညစဉ် ၆ နာရီအောက်သာ အိပ်ချိန်ရသူတွေရဲ့ အိပ်ရေးပျက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ နေ့စဉ်ဆိုးရွားသော အကျိုးသက်ရောက်မှုတွေကို အလေးထားလေ့လာထားတာ ဖြစ်ပါတယ်။

“အိပ်စက်ခြင်းဟာ အမျိုးမျိုးသော ကျန်းမာရေးရလဒ်တွေနဲ့ နီးကပ်စွာ ဆက်နွှယ်မှု ရှိနေပေမယ့်လည်း အိပ်စက်ခြင်းနဲ့ဆက်စပ်နေတဲ့ ကျန်းမာရေးအကျိုးသက်ရောက်မှုအပေါ်မှာ အသိအမှတ်ပြု လက်ခံတာတွေ အားနည်းနေသေးတယ်”လို့ Lee က ပြောပါတယ်။

၂၀၀၄ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း Midlife in the United States Survey (MIDUS)က  အရွယ်ရောက်ပြီးသူ ၁၉၈၅ ဦးကို ရှစ်ရက်ဆက်တိုက် ကောက်ယူခဲ့တဲ့ နေ့စဉ်ပြုစုထားတဲ့ အချက်အလက်တွေကို နေ့စဉ်စစ်ဆေးခဲ့ပါတယ်။

အိပ်ရေးတစ်ညပျက်ရင် ရုပ်ပိုင်းရော စိတ်ပိုင်းဆိုင်ရာမှာပါ အပေါင်းလက္ခဏာဆောင်တဲ့ သုခချမ်းသာတွေ ကျဆင်းလာပြီး အနုတ်လက္ခဏာဆောင်တဲ့ သုခချမ်းသာတွေ များလာတာကို လေ့လာဆန်းစစ်မှုတွေအရ သိရပါတယ်။ သုံးညဆက်တိုက် အိပ်ရေးပျက်ပြီးတဲ့နောက်မှာတော့ အဲဒီအကျိုးသက်ရောက်မှုတွေဟာ ပိုမိုကြီးမားလာပါတယ်။

လေ့လာတွေ့ရှိချက်တွေအရ ရက်ဆက်အိပ်ရေးပျက်တာ များလာတဲ့အခါမှာ ခန္ဓာကိုယ်နာကျင်ကိုက်ခဲတာတွေ၊ အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေ၊ လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်းတို့လို အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေအပါအဝင် ဆိုးရွားတဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ မြင့်တက်လာပါတယ်။

“လေ့လာဆန်းစစ်မှုမှာ ပါဝင်ခဲ့တဲ့သူတွေဟာ ခြောက်ရက်ဆက်အိပ်ရေးပျက်ပြီးတဲ့နောက်မှာ အဆိုးရွားဆုံးသော ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုအကျိုးဆက်တွေကို ခံစားခဲ့ကြရတယ်”လို့ Lee က ဆိုပါတယ်။

“အိပ်စက်ခြင်းဟာ နေ့စဉ်နဲ့ရေရှည် သုခချမ်းသာအတွက် ဘယ်လောက်အထိ အရေးကြီးတယ်ဆိုတာကို လူတွေက နားမလည်ကြပါဘူး”လို့ Leeက ပြောပါတယ်။

“လူကြီးဖြစ်သူရဲ့ အိပ်စက်တဲ့ အမူအကျင့်က သူ့ရဲ့ကလေးတွေနဲ့ မိသားစုအပေါ်မှာ အကျိုးသက်ရောက်မှု ရှိနေတယ်”လို့ သူမက ဆက်ပြောပါတယ်။

“ကျွန်မတို့ရဲ့ နေ့စဉ်ဘဝမှာ အိပ်စက်ခြင်းကို ပထမဦးစားပေးအနေနဲ့ ကျွန်မတို့ သတ်မှတ်ရလိမ့်မယ်”လို့ Lee က ဆိုပါတယ်။

“ကျွန်မတို့အားလုံးဟာ အလုပ်များကြတာကြောင့်ရယ် တစ်ခြားသော တာဝန်ဝတ္တရားတွေရယ်ကြောင့် အိပ်စက်ခြင်းကို လစ်လျူရှုမိတတ်ကြတယ်”လို့လည်း သူမက ပြောပါတယ်။

တစ်ဦးချင်းစီရဲ့ အိပ်စက်ခြင်း အမူအကျင့်ကို တိုးတက်အောင်လုပ်ဖို့ သူမက အကြံပြုပါတယ်။ အိပ်စက်ခြင်းဟာ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ခြင်း၊ အစာချေဖျက်ပေးနိုင်ခြင်း အပါအဝင် ကျန်းမာရေးရဲ့ မဏ္ဍိုင်သုံးရပ်ထဲက တစ်ခုဖြစ်တယ်ဆိုတာကို နားလည်သဘောပေါက်အောင် လုပ်ကြဖို့ကိုလည်း သူမက အကြံပြုတိုက်တွန်းထားပါတယ်။

ဖြစ်နိုင်မယ်ဆို ပုံမှန်အိပ်ရာဝင်ချိန် အိပ်ရာထချိန်ကိုလည်း တတ်နိုင်သလောက် တိတိကျကျသတ်မှတ်ထားဖို့ကိုလည်း သူမက တိုက်တွန်းအကြံပြုထားပါတယ်။

Source: CNN