လောင်းလုံးဆေးရုံတွင် ကိုဗစ်လူနာထားမည့်နေရာ မလောက်တော့သည့်အတွက် ထိတွေ့သူအချို့ ရွာပြန်ပြီး ကုသနေရ

0
193

လောင်းလုံးမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်လူနာများထားမည့်နေရာ မလုံလောက်တော့သဖြင့် ကိုဗစ်လူနာအချို့ကို ရွာပြန်လာပြီး ကုသနေရကြောင်း ယင်းဆေးရုံနှင့် ဒေသခံအချို့ထံမှ သိရသည်။

အနံ့ပျောက်ခြင်း၊ နေမကောင်းဖြစ်ခြင်း စသည့် ကိုဗစ်သံသယလက္ခဏာရှိသူနှင့် ထိတွေ့မှုရှိသူအချို့ကိုလည်း ရောဂါရှာ‌ဖွေ စစ်ဆေးပေးခြင်းမရှိတော့ကြောင်း လောင်းလုံးဒေသခံအချို့က ပြောသည်။

ကိုဗစ်လူနာနှင့် ထိတွေ့မှုရှိပြီး သံသယ လက္ခဏာရှိသဖြင့် လောင်းလုံးဆေးရုံသို့ သွားရောက်ပြသခဲ့သည့် စမ်းလှမ်းကျေးရွာနှင့် စစ်ပြဲကျေးရွာသားအချို့ကို ရောဂါစစ်ဆေးပေးခြင်းမရှိဘဲ ပြန်လွှတ်လိုက်ကြောင်း ‌အဆိုပါကျေးရွာနေ ဒေသခံအချို့ကပြောသည်။

“မနေ့ကစပြီး မစစ်ပေးတော့ဘူးဗျ။ ကျွန်တော်တို့က ကိုဗစ်လူနာနဲ့ ထိတွေ့မှုရှိလို့သွားပြတာ။ အိမ်မှာပဲနေပြီးကုဖို့ပြောလိုက်တယ်” ဟု စစ်ပြဲကျေးရွာသားတစ်ဦးက ဆိုသည်။

စစ်းလှမ်းကျေးရွာမှ ကိုဗစ်လူနာသုံးဦးမှာလည်း လူနာရှင်များ၏ ဆန္ဒအရ ရွာပြန်ခေါ်လာပြီး ကုသနေကြောင်း ယင်းကျေးရွာမှ ကိုဗစ်ကာကွယ်တားဆီးရေး စေတနာ့ဝန်ထမ်းတစ်ဦးက ဆိုသည်။

‌“ဆေးရုံမှာကလဲ နေရာအခက်အခဲရှိတယ်ဗျ။ အဲဒါကြောင့်လည်း ပါမယ်။ ကျွန်တော်တို့ ကိုယ့်ရွာကိုယ် ပြန်ခေါ်သွားမယ်ဆိုတော့ သူတို့ကလည်း ခွင့်ပြုတယ်” ဟု ၎င်းက ဆိုသည်။

လောင်းလုံးပြည့်သူ့ဆေးရုံ ဆေးရုံအုပ်ဖြစ်သူ ဒေါက်တာမင်းညွန့်ဝင်းကမူ ကိုဗစ်ပိုးတွေ့မှူ ရုတ်တရက်ဖြစ်ပွား(Outbreak) သည့် ကျေးရွာမှ ထိတွေ့၊ သံသယရှိသူများကို စစ်ဆေးပေးခြင်းမရှိဘဲ အိမ်ပြန်ပြီး ကုသရန် ပြန်လွှတ်လေ့ရှိကြောင်း ရှင်းပြသည်။

“အနံ့ပျောက်တဲ့သူတွေ ပြန်လွှတ်တာပါ။ ကျွန်တော်ဆီမှာ ဆေးရုံမှာကလည်း ထားစရာမရှိတော့ဘူး။ အဲတော့ ကိုယ့်ဘာသာကိုယ် ပိုးရှိတယ်လို့ သတ်မှတ်ပြီးတော့ အိမ်မှာ ကွာရန်တင်း ၁၁ ရက်နေလိုက်ရင် ကောင်းသွားမှာပေါ့” ဟု ၎င်းကဆိုသည်။

ပိုးတွေ့လူနာနှင့် သံသယလူနာအချို့မှာ ဆေးရုံတွင် မကုသချင်ဘဲ အိမ်ပြန်ချင်သည်ဟု ပြောဆိုသဖြင့် လူနာရှင်၏ ဆန္ဒအရ ပြန်ပို့လိုက်သည့်ဖြစ်စဥ်လည်းရှိကြောင်း ဒေါက်တာမင်းညွန့်ဝင်းက ပြောသည်။

ဇူလိုင်လ ၁၉ ရက်နေ့အထိစာရင်းအရ လောင်းလုံးမြို့နယ်တွင် ကိုဗစ်ပိုးတွေ့ရှိထားသူ ၁၃၅ ဦးရှိပြီး ၈၁ ဦးကို လောင်းလုံးဆေးရုံတွင် ကုသပေးလျှက်ရှိကြောင်း သိရသည်။

ကျန်လူနာများအား ထားဝယ်ဆေးရုံ၊ ထားဝယ်ကွန်ပျူတာတက္ကသိုလ်၊ ကျောက်ဆင်ကျေးရွာရှိမုန်တိုင်းဒဏ်ခံအ‌ဆောက်အအုံနှင့် ကုဗစ်စင်တာရှိသည့် ရွာအချို့တွင် ထားရှိကုသနေကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။