ထားဝယ်အတွက် အောက်ဆီဂျင်မလုံလောက်၍ စက်အသစ်တစ်လုံး ထပ်ဝယ်မည်

0
193

ထားဝယ်ဒေသရှိ အာယုဒါနပါရမီမြောက်ကုသိုလ်ဖြစ် အရေးပေါ်အောက်ဆီဂျင် လှူဒါန်းရေး၏ လက်ရှိအောက်ဆီဂျင် ထုတ်လုပ်မှုမှာ မလုံလောက်တော့သဖြင့် နောက်ထပ်စက်တစ်လုံး ထပ်ဝယ်ရန် ပြင်ဆင်နေကြောင်း သိရသည်။

လက်ရှိတွင် အာယုဒါနအဖွဲ့က စက်တစ်လုံးဖြင့် အောက်ဆီဂျင်ထုတ်လုပ်လှူဒါန်းနေပြီး ၂၄ နာရီအပြည့် စက်လည်ပတ်ကာ ၄၀ လီတာအိုး အလုံးလေးဆယ် ထုတ်လုပ်နေသည်။

အဆိုပါ အောက်ဆီဂျင်များကို ထားဝယ်ဒေသရှိ ဆေးရုံများနှင့် နေအိမ်လူနာများကို ထောက်ပံ့လှူဒါန်းနေပြီး ထားဝယ်ဆေးရုံကြီး အတွက်ပင် တစ်ရက်လျှင် အလုံး၂၀ လိုအပ်နေကြောင်း အထက်ပါ အဖွဲ့ထံမှ သိရသည်။

ယခုချိန်တွင် ကိုဗစ်ရောဂါကူးစက်မှုများပြားလာသည့်အတွက် လက်ရှိထုတ်လုပ်နေသည့် အောက်ဆီဂျင်မှာ မလုံလောက်တော့ သဖြင့် နောက်ထပ်စက်တစ်လုံးထပ်ဝယ်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း အာယုဒါနအဖွဲ့မှ ဦးအောင်မြင့်က ဆိုသည်။

ထိုကြောင့် ငွေကျပ် ၇၅၀ သိန်းတန် အောက်ဆီဂျင်ထုတ်စက်တစ်လုံး ထပ်မံ ဝယ်ယူရန် ပြင်ဆင်နေခြင်းဖြစ်သည်။

နောက်ထပ်ဝယ်ယူမည့်စက်မှာ ကွန်တင်နာပုံးတွင် တပ်ဆင်ထားခြင်းဖြစ်ပြီး ၂၄ နာရီစက်လည်ပါက ၄၀ လီတာအိုး အလုံး ၄၀ ထုတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

“လက်ရှိစက်ရုံထဲမှာပဲထားမယ်။ သူက ကွန်တင်နာနဲ့လာတာဆိုတော့ အဆောက်အအုံ ဆောက်စရာမလိုတော့ဘူး”ဟု ဦးအောင်မြင့်က ပြောသည်။

အဆိုပါ အောက်ဆီဂျင်ထုတ်စက်ထပ်ဝယ်ရန်အတွက် အလှူငွေလိုအပ်နေသည့်အတွက် အာယုဒါနအရေးပေါ်အောက်ဆီဂျင် လှူဒါန်းရေးအဖွဲ့0949851121 နှင့် ဦးအောင်မြင့် 09428740898 ထံ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

ထားဝယ်မြို့အတွင်း မိမိအိမ်တွင် Home Stayနေထိုင်ရင်း ကုသနေသော ကိုဗစ်ရောဂါကူးစက်ခံနေရသူများအား ဇူလိုင်လ ၂၁ ရက်နေ့မှ စတင်ကာ အိမ်တိုင်ရာရောက် အောက်ဆီဂျင် ကူညီပေးရန်လည်း ပြင်ဆင်နေကြောင်း အထက်ပါ အဖွဲ့ထံမှ သိရသည်။

ထိုစက်များအပြင် အလှူရှင်တစ်ဦးလှူဒါန်းထားပြီး တစ်နာရီစက်လည်ပတ်ပါက အောက်ဆီဂျင် ၄၀ လီတာအိုး လေးလုံးအထိ ထွက်ရှိနိုင်သည့် ရွေ့လျားအောက်ဆီဂျင်စက်တစ်လုံးကိုလည်း ထားဝယ်ဆေးရုံကြီးတွင် ထားရှိရန်စီစဉ်ထားကြောင်း ကိုဗစ်ရောဂါ ထိန်းချုပ်ကာကွယ်ရေး လူထုအခြေပြု အထောက်အကူပြု အဖွဲ့(ထားဝယ်ဒေသ) ထံမှ သိရသည်။