မြေဖို့ထားခြင်းကို ဖယ်ရှားရန်အမိန့်ထုတ်ထားသည့် လယ်ကွက်ပေါ်တွင် ငှက်ပျောပင်စိုက်

0
167

လောင်းလုံးမြို့နယ် သာယာကုန်းကျေးရွာရှိ လယ်ယာမြေပေါ်တွင် မြေဖို့ထားသည့်အတွက် ၇ ရက်အတွင်း ဖယ်ရှားရန် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က အမိန့်ထုတ်ထားသည့်လယ်မြေပေါ်တွင် ငှက်ပျောပင်များ စိုက်ပျိုးထားသည်။

လယ်ကွက်ပေါ်ဖို့ထားသည့် မြေကို ၇ ရက်အတွင်း ဖယ်ရှား၍ မူလပုံစံအတိုင်းပြန်လုပ်ရန် အထက်ပါအဖွဲ့က ယခုနှစ် ဧပြီလ ၂၂ ရက်နေ့က အမိန့်ထုတ်ထားသည်။

၇ ရက်အတွင်း ဖယ်ရှားခြင်းမရှိပါက လယ်ယာမြေ
ဥပဒေ အရ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်သည့် ညွှန်ကြားစာတွင် ရေးသားထားသည်။

ယင်းအချိန်က ထုတ်ပြန်ခဲ့သည့် အမိန့်တွင် ဖို့ထားသည့်မြေကို ဖယ်ရှားပြီး မူလစိုက်ပျိုးခဲ့သည့်စပါးကို ပြန်လည်စိုက်ပျိုးရန်ဟုလည်း ဖော်ပြထားသည်။

သို့ရာတွင် လက်ရှိအခိန်အထိ အဆိုပါလယ်ကွက်ပေါ်တွင် ဖို့ထားသည့်မြေကို မဖယ်ရှားဘဲ ငှက်ပျောပင် အနည်းငယ် စိုက်ပျိုးထားသည်ကို တွေ့ရသည်။

အဆိုပါကိစ္စနှင့် ပတ်သတ်၍ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးထံ ဖုန်းဖြင့်အကြိမ်ကြိမ် ဆက်သွယ် ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသဖြင့် မေးမြန်းခွင့်မရသေးပေ။

သာယာကုန်းကျေးရွာရှိ အဆိုပါ လယ်ယာမြေမှာ စိုက်ပျိုးရေးဌာနမှ အသိအမှတ်ပြုထားသည့် စံပြလယ်ယာမြေဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှ မြေဖို့ခဲ့ခြင်းဖြစ်ကြောင်း ယင်းကျေးရွာနေ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

“ အရင်က ကောက်စိုက်ပြိုင်ပွဲတို့ ကောက်ရိတ်ပြိုင်ပွဲတို့ လုပ်လာတာ နှစ်ပေါင်းမနည်းတော့ဘူး။ အခုလိုမျိုး လမ်းမဘေးမှာ မြေဖို့ထားတော့ မဖြစ်သင့်ဘူးလို့ ခံစားရတယ်”ဟု ၎င်းက ပြောသည်။

၂၀၁၂လယ်ယာမြေဥပဒေအရ လယ်ယာမြေကို ခွင့်ပြုမိန့်မရဘဲ အခြားနည်းသုံးစွဲခြင်မပြုရဟု ပြဌာန်းထားသည်။

ထားဝယ်ခရိုင်အတွင်း လယ်ယာမြေပေါ် တရားမဝင်မြေဖို့ပြီး မြေအကွက်ရိုက်ရောင်းချမှုများ တွင်ကျယ်စွာဖြစ်နေသည့်အတွက် တပ်အာဏာမသိမ်းမီကလည်း ယင်းကဲ့သို့ အမိန့်ထုတ်ခဲ့ဖူးသည်။

လောင်းလုံးမြို့နယ်အတွင်း လယ်မြေပေါ် တရားမဝင်မြေဖို့ပြီး မြေအကွက်ရိုက်ရောင်းချနေသည့် နေရာ ၅ ခုတွင် မူလလယ်ကွက် အတိုင်း ပြန်လုပ်ရန် သတိပေးဆိုင်းဘုတ်များ စိုက်ထူခဲ့ကြောင်း လောင်းလုံးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးက ယခုနှစ် ဇန်နဝါရီလအတွင်းက ပြောဆိုထားသည်။

သို့ရာတွင် သတိပေးဆိုင်းဘုတ်ထောင်ထားသည့် နေရာအချို့တွင် ဖို့ထားသည့်မြေကို ဖယ်ရှားခြင်းမရှိသည့်အပြင် အိမ်အသစ်များကိုပင် ထပ်မံဆောက်လုပ်ထားသည်။