မောတောင်နယ်စပ်တွင် ကိုဗစ်ပိုးစတွေ့

0
128
Dawei Watch, Dawei News, Dawei News Media

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဖြစ်သည့် မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်နယ်စပ်တွင် ဇူလိုင်လ ၁၄ ရက်နေ့က အမျိုးသားနှစ်ဦးတွင် ကိုဗစ်ရောဂါပိုး စတင်တွေ့ရှိခဲ့ကြောင်း သိရသည်။

မောတောင်မြို့ မြို့မရပ်ကွက်နေ အသက် ၃၀ နှစ်ရှိ အမျိုးသားတစ်ဦးနှင့် အသက် ၂၂ နှစ်ရှိ တယ်လီနောကုမ္ပဏီဝန်ထမ်း အမျိုးသားတစ်ဦးတွင် ကိုဗစ်ပိုးစတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

တယ်လီနောကုမ္ပဏီ ဝန်ထမ်းဖြစ်သူသည် သထုံမြို့မှ လာရောက်ခဲ့သည့်အတွက် ကုမ္ပဏီရုံးခန်းတွင် ၁၄ ရက်အကြာ တစ်ဦးတည်း နေထိုင်စေခဲ့ကြောင်း မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလင်းထိုက်စိုးက ပြောပြသည်။

“အခန်းမှာ ထားထားရက်နဲ့ အနံ့မရဖြစ်လာတာ” ဟု မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလင်းထိုက်စိုးက ပြောသည်။

မြိုမရပ်ကွက်နေ အသက် ၃၀ နှစ်ရှိ အမျိုးသားသည် အနံ့မရသည့် လက္ခဏာခံစားရသဖြင့် မော‌တောင်တိုက်နယ်ဆေးရုံတွင် သွားရောက်ပြသခဲ့စစ်ဆေးခဲ့ရာ ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး ၎င်း၏ မိသားစုဝင်တို့အား Home Quarantine အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

ပိုးတွေ့သည့် အမျိုးသားနှစ်ဦးသည် ဆေးရုံရှိ ကြပ်မတ်ကုသဆောင်တွင် ဆေးဝါးကုသမှုခံယူနေလျက်ရှိရာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း အုပ်ချုပ်ရေးမှူး ဦးလင်းထိုက်စိုးက ပြောပြသည်။

မောတောင်နယ်စပ်တစ်ဖက်ရှိ ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်တွင် ကိုဗစ်နိုင်တီးကူးစက်ရောဂါ အဖြစ်များနေကြောင်း သိရသည်။