မွန်တွင် နှာခေါင်းစည်းဈေး သုံးဆခန့် ခုန်တက်

0
192

ကိုဗစ်ကူးစက်မှုနှုန်း များပြားနေသည့် မွန်ပြည်နယ်တွင် ပါးစပ် နှာခေါင်းစည်း Mask ဈေးနှုန်း သုံးဆခန့်အထိ ခုန်တက်သွားကြောင်း နှာခေါင်းစည်းရောင်းချနေသူတို့ထံမှ သိရသည်။

ဇွန်လမတိုင်းခင်က အခုရေ ၅၀ ပါသည့် ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းတစ်ဗူးလျှင် ကျပ်တစ်ထောင်ဝန်းကျင် ပေါက်ဈေးရှိခဲ့သော်လည်း ကိုဗစ်ကူးစက်မှု စများလာသည့် ဇွန်လမှစပြီး နှခေါင်းစည်းဈေး တက်လာကာ ယခုလက်ရှိတွင် တစ်ဗူးလျှင် ကျပ် ၂၅၀၀ နှင့် ၃၀၀၀ အထိ ဈေးပေါက်လျက်ရှိသည်။

ကိုဗစ်ကူးစက်မှုများလာသည်နှင့်အမျှ နှာခေါင်းစည်းဝယ်လိုအား ပြန်များလာကာ ဈေးတက်သွားခြင်းဖြစ်သည်ဟု ဈေးဆိုင်ပိုင်ရှင်တို့က ပြောသည်။

“အဝယ်နည်းတုန်းကဆို ၈၀၀/၉၀၀ အများဆုံးမှ ၁၀၀၀ ပဲရှိခဲ့တယ်” ဟု ဈေးဆိုင်ပိုင်ရှင် တစ်ဦးဖြစ်သူ ဦးမြင့်က ပြောသည်။ကိုဗစ်ကူးစက်မှုနှုန်း ဆက်တိုက်မြင့်တက်လာနေသည့်အတွက် နှာခေါင်းစည်းဝယ်လိုအားလည်း များလာနိုင်သဖြင့် လက်ရှိထက် နှာခေါင်းစည်းဈေး ပိုတက်လာနိုင်သည်ဟုလည်း ဈေးဆိုင်ပိုင်ရှင်တို့က ခန့်မှန်းနေကြသည်။

“လက်ရှိအနေအထားကတော့ ဈေးကွက်မှာ နှာခေါင်းစည်းတွေ ရှိနေသေးတယ်၊ ဒီ့ထက် ဝယ်လိုအားများလာရင်တော့ ပစ္စည်းက ပြတ်လပ်နိုင်တယ်” ဟု ဆေးဆိုင်ဝန်ထမ်း တစ်ဦးက ပြောသည်။

မွန်ပြည်နယ်တွင် ဇွန်လဆန်းပိုင်းခန့်မှစပြီး ကိုဗစ်ကူးစက်လူနာ ဆက်တိုက်မြင့်တက်လာခဲ့ပြီး တစ်လကျော်အတွင်း၌ ကိုဗစ်အတည်ပြုလူနာ ၁၀၀၀ ကျော်ရှိကာ သေဆုံးသူ ၃၀ ကျော်ရှိခဲ့သည်။