တနင်္သာရီတိုင်းတွင် လေးရက်အတွင်း ကိုဗစ်လူနာ ၁၃၀ ကျော်၊ ထားဝယ် ခုန်တက်

0
141

တနင်္သာရီတိုင်းတွင် လေးရက်အတွင်း ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၃၆ ဦး ထပ်တိုးလာပြီး ထားဝယ်က မြိတ်ကို ကျော်တက်သွားခဲ့ကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းအရ သိရသည်။

ဇူလိုင်လ ၃ ရက်မှ ၆ ရက်နေ့အထိ လေးရက်အတွင်း ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာသစ် ၁၃၆ ဦးထပ်တိုးလာခြင်းဖြစ်သည်။ထားဝယ်တွင် လေးရက်အတွင်း ကိုဗစ်လူနာသစ် ၄၆ ဦးထပ်တိုးကာ အများဆုံး မြိတ်တွင် လေးရက်အတွင်း ကိုဗစ်လူနာသစ် ၄၃ ဦးဖြင့် ဒုတိယဖြစ်နေသည်။

ထို့အပြင် ကော့သောင်းတွင် လေးရက်အတွင်း ကိုဗစ်လူနာသစ် ၁၈ ဦး၊ ဘုတ်ပြင်းတွင် ၄ ဦး၊ ပုလောတွင် ၁၀ ဦး၊ တနင်္သာရီတွင် ၁ ဦး၊ သရက်ချောင်းတွင် ၈ ဦး၊ လောင်းလုံးတွင် ၃ ဦးရှိပြီး ရေဖြူတွင် ၃ ဦး ကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာသစ်များ ထပ်တိုးလာကြောင်း အထက်ပါဌာန၏ စာရင်းများက ဆိုသည်။

လက်ရှိဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ပိုးသည် မျိုးရိုးဗီဇအသွင်ပြောင်းလာပြီး ကူးစက်မှုနှုန်း အလွန်မြန်ဆန်ကာ ရောဂါပြင်းထန်မှုမှာလည်း ယခင် ကိုဗစ်ထက်ပိုကာ လူသေဆုံးမှုလည်း မြင့်တက်နေသည်ဟု ဆေးပညာရှင်အချို့က ပြောဆိုထားသည်။

တကြော့ပြန်ဖြစ်လာသည့် ကိုဗစ် တတိယလှိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်စည်းကမ်းချက်များကို ထားဝယ်မြို့တွင် လူတစ်ဦးချင်းအလိုက် လိုက်နာမှုအားနည်းနေသေးသည်ကို တွေ့ရသည်။

ကိုဗစ် တတိယလှိုင်းပြန်ဖြစ်လာချိန်လာတွင် ပါးစပ်နှာခေါင်းစည်းမှာလည်း ယခင် ကိုဗစ် ဒုတိယလှိုင်းထက် ဈေးတင် ရောင်းချနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဇူလိုင်လ ၆ အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၂၇၉၆၂၁၇ ဦးစစ်ဆေးခဲ့ရာ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၇၁၉၇၆ ဦးရှိပြီး သေဆုံးသူမှာ ၃၅၁၃ ဦးထိ ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။