ထားဝယ်တွင် တစ်နေ့တည်း လုပ်ကြံမှု နှစ်ခုဖြစ်ပွား

0
476

ထားဝယ်ခရိုင်တွင် ဇူလိုင်လ ၄ ရက်ညက အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦးအား လုပ်ကြံမှု နှစ်ခု သီးခြားစီဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးသွားကြောင်း သက်ဆိုင်ရာ ဒေသခံအချို့ထံမှ စုံစမ်းသိရှိရသည်။

လောင်းလုံးမြို့နယ် သဘော့ဆိပ်ကျေးရွာအုပ်စု ပြင်ကြီးကျေးရွာနေ ခန့်မှန်း အသက် ၄၀ အရွယ် ဦးစောလှတို့ ဇနီးမောင်နှံသည် ဇူလိုင်လ ၄ ရက်က ညနေပိုင်း လုပ်ကြံခံရကြောင်း ပြင်ကြီးကျေးရွာသားအချိူ့ထံမှ သိရသည်။

ယင်းနေ့ ညနေပိုင်းတွင် ငါးရောင်းရာမှ အိမ်ပြန်လာသည့်အချိန် ကရင်ကြီးကျေးရွာမှ ပညစ်ကျေးရွာသို့သွားသည့် လမ်းတစ်နေရာတွင် ဦးစောလှမှ ဓားဒဏ်ရာများဖြင့် လဲကျနေကြောင်း ၎င်းတို့က ပြောသည်။

“ပညစ်ကိုဆင်းတဲ့လမ်းမှာ ဆိုင်ကယ်ဘေးမှာလဲပြီးသေနေတယ်။ ဓားဒဏ်ရာတွေအများကြီးနဲ့” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ယင်းနောက် စစ်တပ်ကားများရောက်လာပြီး ဓားဒဏ်ရာဖြင့်လဲကျနေသူအား သယ်ဆောင်သွားကြောင်း ၎င်းကဆိုသည်။

ယနေ့ ဇူလိုင်လ ၅ ရက် မနက်ပိုင်းတွင် ဦးစောလှအလောင်းအား ထုတ်ယူရန် မိသားစုဝင်များ စစ်တပ်ဆေးရုံသို့ ထွက်သွားကြကြောင်း ၎င်းကဆိုသည်။ ဦးစောလှ၏ ဇနီးဖြစ်သူမှာ ဒဏ်ရာရှိခဲ့သဖြင့် စစ်တပ်ဆေးရုံတွင်ပင် ဆေးကုသနေကြောင်း ဆိုသည်။

နောက်ထပ်လုပ်ကြံမှုတစ်ခုမှာ ထားဝယ်မြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်သည့် ဆန်းချီရပ်ကွက်တွင် ယမန်နေ့ည ၇ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လုပ်ကြံခံရသူမှာ အသက် ၄၅ နှစ်အရွယ် ဦးအောင်မြင့်ဆိုသူဖြစ်ကြောင်း အခင်းဖြစ်သည့်နေရာသို့ သွားရောက်ခဲ့သူ တစ်ဦးက ဆိုသည်။

ပါးစပ်နှာခေါင်းစည် (Mask) တပ်ထားသည့် လူငယ်ပိုင်းအမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဦးအောင်မြင့်၏ ညာဘက်မျက်ခုံး အပေါ်နားတွင် ဒဏ်ရာရှိခဲ့ကြောင်း ၎င်းက ပြောကြားသည်။

“ကောင်လေးနှစ်ယောက် ဆိုင်ကယ်နဲ့လာတယ်။ နှာခေါင်းစည်းထားပြီး အိမ်ထဲဝင်လာတယ်တဲ့။ ဝင်လာပြီး သုံးဘီးငှားလို့မရဘူးလားလို့မေးတယ်တဲ့။ ဝင်လာမေးပြီးတာနဲ့ ပစ်တာ” ဟု ၎င်းက ဆိုသည်။

ဒဏ်ရာရှိခဲ့သူအား ဆေးရုံသို့ ညတွင်းချင်းပို့ဆောင်ခဲ့ကြောင်းဆိုသည်။

ယင်းလုပ်ကြံခံရသူတို့သည် စစ်တပ်သတင်းပေးဟုဆိုကာ လုပ်ကြံခံရခြင်းဖြစ်ကြောင်း ပြောဆိုမှုများလည်းရှိသည်။ ယင်းအချက်နှင့်ပတ်သက်ပြီး အတည်ပြုနိုင်ခြင်းမရှိပေ။

ယခုအချိန်အထိ မည်သူ မည်ဝါ မည်သည့် အဖွဲ့က မည်သို့သော အကြောင်းကြောင့် လုပ်ကြံကြောင်း ထုတ်ဖော်ပြောဆိုကြခြင်း မရှိသေးပေ။

ဓာတ်ပုံ – ပညစ်လမ်း ကို မြေပုံတွင် တွေ့ရစဉ်