ညောပြင်ရွာတွင် ရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား

0
876
Dawei Watch, Dawei News, Dawei News Media

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ညောပြင်ကျေးရွာတွင် အရက်အတူတူသောက်နေသည့် ဆွေမျိုးတော်စပ်သူနှစ်ဦး အချင်းချင်းစကားများရန်ဖြစ်ရာမှ လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ယင်းကျေးရွာ ဒေသခံအချို့နှင့် ဆွေမျိုးတော်စပ်သူတို့ထံမှ သိရသည်။

အသက် ၄၀ ဝန်းကျင်အရွယ် ဦးမြင့်ဇော်ဦးအား အသက် ၃၀ ကျော်အရွယ် ကိုဖစုက တုတ်ဖြင့်ရိုက်သတ်လိုက်ခြင်းဖြစ်ကြောင်း ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။ ဦးမြင့်ဇော်ဦးနှင့် ကိုဖစုမှာ သမီးယောက်ဖတော်စပ်ကြောင်း ၎င်းကရှင်းပြသည်။

ဦးမြင့်ဇော်ဦးသေဆုံးနေကြောင်းကို ဇူလိုင်လ ၄ ရက်မနက်မှ သိရပြီး ယင်းနေ့ ညနေပိုင်းတွင် စစ်တပ်ကားများ ညောပြင်ရွာအတွင်း ရောက်လာပြီး ကိုဖစုကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၎င်းကပြောကြားသည်။

“(ကိုဖစုက) သူသတ်တယ်လို့ ဝန်ခံထားတယ်” ဟု ၎င်းကဆိုသည်။

လူမှုကွန်ယက် Facebook စာမျက်နှာတွင်မူ ညောပြင်ရွာတွင် ဒလန်တစ်ဦး လုပ်ကြံသတ်ဖြတ်ခံရကြောင်း သတင်းအမှားများထွက်ပေါ်နေကြောင်း ၎င်းကဆိုသည်။

“သမီးယောက်ဖနှစ်ယောက် ရန်ဖြစ်ပြီး ရိုက်သတ်လိုက်တာပါ။ ဒလန်သတ်တာမဟုတ်ပါဘူး။ ဒလန်လုပ်ကြံခံရတယ်ဆိုတာက သတင်းအမှားပါ။ သတင်းအမှားတွေကို ဘယ်သူတွေကဖြန့်နေကြတာလဲမသိဘူး” ဟု အထက်ပါအမျိုးသားက ဆိုသည်။

သေဆုံးသူ ဦးမြင့်ဇော်ဦး၏ အလောင်းကို ဇူလိုင်လ ၄ ရက် ညနေပိုင်းတွင် မီးသင်္ဂြုဟ် လိုက်ပြီဖြစ်ကြောင်း ဆိုသည်။