မွန်တွင် တစ်မနက်အတွင်း ကိုဗစ်လူနာ ၅ ဦး သေဆုံး

0
202

မွန်ပြည်နယ် မော်လမြိုင်ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသခံယူနေသည့် ကိုဗစ်အတည်ပြုလူနာများအနက် ဇူလိုင်လ ၃ ရက်နေ့ တစ်မနက်တည်းတွင် အတည်ပြုလူနာ ၅ ဦး သေဆုံးသွားကြောင်း သိရသည်။

သေဆုံး ကိုဗစ်အတည်ပြုလူနာများသည် အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၅၀ ကျော် အမျိုးသား ၂ ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ဖြစ်သည်ဟု ကူညီပေးနေသည့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

မွန်ပြည်နယ်တွင် ဇွန်လဆန်းပိုင်းခန့်မှစပြီး ကိုဗစ်ကူးစက်လူနာ ဆက်တိုက်မြင့်တက်လာခဲ့ပြီး ဇွန်လ ၁၀ ရက်နေ့မှ ဇူလိုင်လ ၃ ရက်နေ့နံနက်ပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ ၁၅ ဦး သေဆုံးသွားခဲ့ပြီးဖြစ်သည်။

ကနဦးက သေဆုံးလူနာများသည် ရောဂါအခံရှိသည့် အသက် ၅၀ နှစ်နှင့်အထက် အသက်ကြီးသူများသာဖြစ်သော်လည်း ယခုအခါ လူလတ်ပိုင်းအရွယ်လူနာလည်း သေဆုံးလာသည်။

“အခြေအနေကတော့ ကူးစက်မှုနှုန်းမြန်ပြီး သေဆုံးနှုန်းလဲများလာပါတယ်” ဟု ကိုဗစ်နှင့် ပတ်သက်ပြီး ကူညီပေးနေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် မွန်ပြည်နယ် ၁၀ မြို့နယ်လုံးတွင် ကိုဗစ်ကူးစက်မှုရှိနေပြီး ကူးစက်မှု အများဆုံးမှာ မော်လမြိုင်နှင့် သံဖြူဇရပ်မြို့နယ်တို့တွင်ဖြစ်ပြီး သံဖြူဇရပ်တစ်မြို့နယ်တည်းတွင် ကိုဗစ်အတည်ပြုလူနာ ၃၀၀ ခန့်ရှိနေသည်။

ကိုဗစ်အတည်ပြုလူနာများကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီး Isolative Ward-3 နှင့် Isolative Ward-1 တို့အပြင် မော်လမြိုင်တက္ကသိုလ် (၁၀) မြို့နယ်ဆောင်နှင့် မြို့နယ်အသီးသီးတို့တွင်လည်း ဆေးကုသပေးနေသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှုနှုန်း အရမ်းမြန်နေသည့်အနေအထားကြောင့် ပြည်သူများအနေဖြင့် ကျန်းမာရေးအသိရှိကြရန်နှင့် ကိုဗစ်စည်းကမ်းသတ်မှတ်ချက်များအတိုင်း လိုက်နာနေထိုင်ကြရန် လိုအပ်သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။