၀င်ငွေနည်းလာတဲ့ အခြေခံလူတန်းစား ထားဝယ် တက္ကစီယာဉ်မောင်းများ

0
2522

ကယ်ရီသမားဟု အလွယ်ခေါ်သော တက္ကစီယာဉ်မောင်းများမှာ တပ်အာဏာသိမ်းပြီးတဲ့နောက် တစ်နေ့ဝင်ငွေလည်း သိသိသာသာ ကျဆင်းလာပါတယ်။ ပေါက်ကွဲမှု၊ ပစ်ခတ်မှုနဲ့ ဖမ်းဆီးမှုတွေ အချိန်မရွေးထဖြစ်နိုင်တဲ့အတွက် ကယ်ရီသမားတွေ လုပ်ငန်းအပေါ်မှာ သက်ရောက်မှုတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ ဆိုပါတယ်။

ကယ်ရီသမားလို့ ဆိုရင် ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ သုံးဘီးယာဉ်မောင်းတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ထားဝယ်ဒေသနေ ပြည်သူတွေဟာ စားသောက်ကုန်နဲ့ လူသုံးကုန်တွေကို ထားဝယ်မြို့ရှိ စည်ပင်သာယာဈေးကြီးနဲ့ ကန်းနားဈေးတွေမှာ လာဝယ်ကြပြီး သူတို့နေထိုင်ရာ ဒေသတွေမှာ ပြန်ရောင်းချကြပါတယ်။

အရင်က မနက်စောစောကနေ မွန်းလွဲ ၂ နာရီ လောက်အထိ အမြဲစည်ကားနေတတ်တဲ့ ထားဝယ်စည်ပင်သာယာဈေးကြီးဟာ ဇွန်လကုန်ရက်တွေကဆိုရင် မနက် ၁၁ နာရီဆိုတာနဲ့ ဈေးဝယ်သူ ကင်းမဲ့နေပြီဖြစ်ပါတယ်။

လက်ရှိ အခင်းအကျင်းတွေကြောင့် စည်ပင်သာယာဈေးကြီးကို မှီခိုပြီး ငွေရှာနေရတဲ့ အခြေခံလူတန်းစားကယ်ရီသမားတွေရဲ့ ဝင်ငွေဟာလည်း ကျဆင်းလာပါတယ်။

အရင်က အခုလိုအချိန်မှာဆိုရင် တစ်ရက်ကိုပျမ်းမျှ ကျပ်တစ်သောင်းလောက် ရနေတာကနေ အခုဆိုရင် သုံးထောင်ကျပ် လောက်ပဲ ရတော့တယ်လို့ စည်ပင်သာယာဈေးကြီးမှာ ဆယ်နှစ်ကျော်ကြာ ကယ်ရီဆွဲနေသူတစ်ဦးက ဆိုပါတယ်။ဒီလိုမျိုးဝင်ငွေကျဆင်းသွားတဲ့အတွက် မိသားစုစားဝတ်နေရေးကို မနည်းရုန်းကန်နေရတယ်လို့ သူက ငြီးတွားပါတယ်။

“အခုချိန်မျိုးမှာ အခြားအလုပ်ပြောင်းလုပ်ဖို့ကလည်း အဆင်မပြေတော့ ဒီအလုပ်နဲ့ပဲ လိမ့်ပိတ်ပြီး စားသောက်နေရတာပေါ့” လို့ သူက ပြောပါတယ်။အခြေခံလူတန်းစားတွေ ဝင်ငွေကျဆင်းလာသလို တစ်ဘက်မှာလည်း အခြေခံစားသောက်ကုန်ကအစ အထွေထွေကုန်ဈေးနှုန်းကလည်း မြင့်တက်နေပါတယ်။

ဆိုင်ကယ်ကယ်ရီသမားတွေ ဝင်ငွေနည်းသွားသလို သုံးဘီးသမားတွေရဲ့ ဝင်ငွေဟာလည်း အရင်ထက် အဆပေါင်းများစွာ ကျသွားတယ်လို့ ဆိုကြပါတယ်။သုံးဘီးသမားအများစုမှာ နယ်မှဈေးဝယ်လာသူများအပေါ် အဓိကအားထားနေရတာပါ။ ထားဝယ်မြို့အဝင်အထွက်တွေကို ပိတ်ဆို့ရှာဖွေနေတဲ့ လက်ရှိမှာတော့ နယ်ဈေးဝယ်သူနည်းပါးနေတဲ့အတွက် ပျမ်းမျှဝင်ငွေရဲ့ သုံးပုံမှာနှစ်ပုံလောက် ကျသွားတယ်လို့ သုံးဘီးဆိုင်ကယ်မောင်းသူတစ်ဦးက ပြောပါတယ်။

“နယ်ဖောက်သည်တွေကိုပဲ အားကိုးနေရတယ်၊ အခုကလည်း အစစ်အဆေးတွေများနေတော့ သူတို့လည်း မလာရဲကြဘူး” လို့ သူက ပြောပါတယ်။စည်ပင်သာယာဈေးကြီးကို မှီခိုပြီး ဝင်ငွေရှာနေတဲ့ ကယ်ရီသမားတွေလိုပဲ ခရီးသွားဧည့်သည်တွေကို အဓိကထား ပို့ဆောင်နေတဲ့ သုံးဘီးကား ခေါ် အိုးဝေမောင်းသူတွေလည်း အခက်တွေ့နေရတယ်လို့ ဆိုကြပါတယ်။

ယခင်က တစ်ရက်ကို ပျမ်းမျှ ကျပ်နှစ်သောင်း၊ သုံးသောင်းလောက်အထိ ဝင်ငွေရှိခဲ့တဲ့ အိုးဝေမောင်းသူတွေဟာ အခုဆိုရင် ငါးထောင်ကျပ်နဲ့ တစ်သောင်းကျပ်လောက်အထိပဲ ရတော့တယ်လို့ ပြောကြပါတယ်။ခရီးသွားတွေအလာများတဲ့ အချိန်တုန်းကဆိုရင် တစ်ရက်ပျမ်းမျှ သုံးသောင်းကနေ လေးသောင်းကျပ်အထိ ဝင်ငွေရွှင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က ကိုဗစ်ကပ်ဘေးကြောင့် ခရီးသွားတွေအလာနည်းပြီး ဝင်ငွေနည်းခဲ့တော့ ဒီနှစ်မှာတော့ ကာကွယ်ဆေးပေါ်လာ တဲ့အတွက် အရင်အချိန်က ဝင်ငွေပမာဏအတိုင်း ရလာလိမ့်မယ်လို့ မျှော်မှန်းထားတယ်ခဲ့တယ်လို့ ထားဝယ်လေဆိပ်မှာ ဂိတ်ထိုးပြေးဆွဲနေတဲ့ အိုးဝေမောင်းသူတစ်ဦးက ပြောပါတယ်။ဒါပေမယ့် သူ့ရဲ့ မျှော်လင့်ချက်က ဖြစ်မလာဘူးလို့ ဆိုရမှာပါ။

ဖေဖော်ဝါရီလ တပ်အာဏာသိမ်းပြီးနောက်ပိုင်း ခရီးသွား အလာနည်းတာနဲ့ ကိုဗစ်ကူးစက်မှုတွေ များလာလို့ဆိုပြီး တနင်္သာရီတိုင်းထဲကို ပြေးဆွဲနေတဲ့ လေယာဉ်ခရီးစဉ်အားလုံးကို ရပ်နားလိုက်တဲ့အတွက် မျှော်လင့်ချက်တွေ ရေစုန်မျောသွားခဲ့တယ်လို့ ဆိုပါတယ်။ထားဝယ်၊ မြိတ်နဲ့ ကော့သောင်းမြို့လေယာဉ်ခရီးစဉ်တွေကို မေလကနေ ဇူလိုင်လကုန်အထိ ရပ်နားလိုက်တာပါ။

“ဒီပုံစံအတိုင်း သွားရမယ်ဆိုရင် ဝမ်းစာရေးအတွက် မလွယ်ဘူးပေါ့၊ ဒါပေမယ့် ဒီအတိုင်းနေတော့လည်းမရတော့ အဆင်ပြေသလိုပဲ ရှာပြီး စားသောက်နေရတယ်” လို့ အိုးဝေမောင်းနှင်သူက ပြောပါတယ်။

လက်ရှိအခြေအနေက အရင်နှစ် ကိုဗစ်ကာလထက် ငွေရှာရခက်ခဲတဲ့ အနေအထားဖြစ်လာတယ်လို့ အခြားအိုးဝေမောင်းသူတစ်ဦးက ဆိုပါတယ်။

“အခြေအနေကတော့ တစ်ရက်ထက် တစ်ရက် ပိုကြပ်လာတယ်၊ ရှေ့ဆက် ဘယ်လိုမျှော်လင့်ပြီး ဘာတွေဖြစ်လာမယ်မှန်းကို မသိတော့ဘူး၊ ဘာမှ မှန်းလို့ မရတော့ဘူး”