မွန်တွင် တစ်လအတွင်း ကိုဗစ်လူနာ ၈ ဦး သေဆုံး

0
208

မွန်ပြည်နယ် ဇွန်လတစ်လအတွင်း၌ ကိုဗစ်အတည်ပြုလူနာ ၈ ဦး သေဆုံးသွားကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

မွန်ပြည်နယ်အတွင်း ဇွန်လဆန်းပိုင်းခန့်မှစပြီး ကိုဗစ်ကူးစက်လူနာ ဆက်တိုက်မြင့်တက်လာခဲ့ပြီး တစ်လအတွင်း ကိုဗစ်အတည်ပြုလူနာ ၄၀၀ နီးပါးအထိတိုးလာသည့်အပြင် သေဆုံးသူလည်း ၈ ဦးအထိရှိခဲ့သည်။သေဆုံး ကိုဗစ်အတည်ပြုလူနာများသည် ရောဂါအခံရှိသည့် အသက် ၅၀ နှစ်နှင့်အထက် အသက်ကြီးသူများဖြစ်သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာနန္ဒဝင်းက ပြောသည်။

“သေဆုံးတဲ့လူတွေက ကာကွယ်ဆေးထိုးမထားတဲ့ အရင်ရောဂါအခံရှိတဲ့လူတွေကို တွေ့ရပါတယ်၊ အသက် ၅၀ ကျော် ၆၀ ကျော် ၇၀/၈၀ အထက်တွေ ရောဂါဒဏ်ကို မခံနိုင်လို့ အသက်ဆုံးရှုံးဆုံးကြရတယ်” ဟု ဒေါင်တာနန္ဒဝင်းက ပြောသည်။

ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှုနှုန်း အရမ်းမြန်နေသည့်အနေအထားကြောင့် ပြည်သူများအနေဖြင့် ကျန်းမာရေးအသိရှိကြရန် ကိုဗစ်စည်းကမ်းသတ်မှတ်ချက်များအတိုင်း လိုက်နာနေထိုင်ကြရန် လိုအပ်သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက ပြောသည်။

ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှုအများဆုံးမှာ မော်လမြိုင်နှင့် သံဖြူဇရပ်ဖြစ်ပြီး ဇွန်လကုန်အထိ မော်လမြိုင်တွင် အတည်ပြုလူနာ ၁၇၀ ကျော်၊ သံဖြူဇရပ်တွင် ၁၇၀ ကျော် ဆေးကုသခံယူနေရသည်။ကိုဗစ်အတည်ပြုလူနာများကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီး Isolative Ward-3 နှင့် Isolative Ward-1 တို့အပြင် မော်လမြိုင်တက္ကသိုလ် (၁၀) မြို့နယ်ဆောင်တွင်လည်း ကုသပေးနေသည်။

၎င်းပြင် လက်ရှိထက် ကိုဗစ်အတည်ပြုလူနာ များလာလျှင် ထားရှိကုသနိုင်ရန်အတွက် မြို့နယ် ၁၀ မြို့နယ်တို့တွင်လည်း စီစဉ်ထားသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက စီစဉ်ထားသည်။