အိပ်မက်များ ပျောက်ဆုံးသွားခြင်း

0
724

ခရီးသွားလုပ်ငန်းလေးတစ်ခု တည်ထောင်မယ်ဆိုတဲ့ ကိုလင်းထွန်းတို့ သူငယ်ချင်းသုံးယောက်ရဲ့ အိမ်မက်ဟာ ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုနဲ့အတူ ရုတ်တရက် ပြိုကွဲသွားပါ တော့တယ်။

သူတို့ရဲ့အိမ်မက်ကို ထားဝယ်မြို့ကနေ မိုင် ၃၀ ကျော်ဝေးတဲ့ အပျိုစင်ပင်လယ်ကမ်းခြေ ရွာလေးတစ်ရွာမှာ အခြေတည်ခဲ့တာပါ။ ချောင်းဖျားကြီးဆိုတဲ့ ရွာပဲဖြစ်ပါတယ်။ ချောင်ကျ၊ လမ်းကြမ်းကြမ်း၊ ဖုန်းလိုင်းမမိတဲ့ လောင်းလုံးမြို့နယ်ထဲက ရွာလေးတစ်ရွာပါ။သူတို့ အကောင်အထည်ဖော်မယ်ဆိုတဲ့ ခရီးသွားလုပ်ငန်းလေးကိုလည်း ရွာနာမည်ကိုပဲ အစွဲပြုပြီး “Travel To Chaung Phyar” လို့ အမည်ပေးထားပါတယ်။

အဲဒီနာမည်နဲ့ သူတို့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလမှာ စတင်ခဲ့ပါတယ်။ နောက်ပိုင်း အာဏာသိမ်းမှုဖြစ်လာတာကြောင့် ဆက်မလုပ်ဖြစ်တော့ဘူးလို့ ကိုလင်းထွန်း(အမည်လွှဲ) က ပြောပါတယ်။

“နှစ်လလောက်ပဲကြာလိုက်တယ်။ နိုင်ငံရေးတွေ ဖြစ်လာတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ ခရီးသွားလုပ်ငန်းမျှော်လင့်ချက်က လုံးဝအဆုံးသတ် သွားတယ်” လို့ သူက ပြောပါတယ်။အသက် ၂၀ ကျော်လူငယ်တွေဖြစ်ကြတဲ့ သူတို့သူငယ်ချင်းသုံးယောက်ထဲမှာ တစ်ယောက်က မူလတန်းပြ ကျောင်းဆရာ၊ တစ်ယောက်က တက္ကသိုလ်ကျောင်းသား၊ ကိုလင်းထွန်းကတော့ ဆယ်တန်းအထိနေပြီး ကျောင်းထွက်ထားသူဖြစ်ပါတယ်။

သူတို့သုံးယောက်ဟာ ကိုဗစ်ကြောင့် ကျောင်းတွေပိတ်ထားတဲ့အချိန် လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်းတစ်ခုမှာ စတွေ့ပြီး ခင်မင်ရင်နှီးခဲ့ကြတာပါ။ အဲဒီနောက် သူတို့တတွေ ချောင်းဖျားကြီးရွာကို အတူတူ ခရီးထွက်ဖြစ်ခဲ့ကြပါတယ်။အဲဒီရွာမှာရှိတဲ့ ပင်လယ်ကမ်းခြေရဲ့အလှ၊ သဘာဝရူခင်းတွေ၊ လတ်ဆတ်တဲ့ ပင်လယ်အစားအသောက်တွေကို တခြားခရီးသွားတွေကိုလည်း ခံစားစေချင်တာရယ်၊ ကိုဗစ်ကာလကို အကျိုးရှိရှိဖြတ်ကျော်ဖြတ်ချင်တာ ရယ်ကြောင့် ဒီလုပ်ငန်းကို စလုပ်ဖို့ စိတ်ကူးရသွားတာလို့ သူကဆိုပါတယ်။

“ကျွန်တော်တို့ရဲ့ ခရီးသွားလုပ်ငန်းလေးသာ လုပ်ဖြစ်သွားမယ်ဆိုရင် ဝင်ငွေလေးတစ်ခုရပြီးတော့ အလုပ်လေးတစ်ခုလည်း ရသွားမယ်လို့ မျှော်လင့်ထားကြတာ” လို့ ကိုလင်းထွန်းက ဆိုပါတယ်။ခရီးသွားလုပ်ငန်းဟာ ကိုလင်းထွန်းလို လူငယ်တွေသာမကဘဲ တနင်္သာရီတိုင်းအစိုးရရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး မျှော်လင့်ချက်တစ်ခုလည်း ဖြစ်ပါတယ်။

လူငယ်အများအပြားက တစ်နိုင်တစ်ပိုင် ကနေစပြီး အမျိုးအမျိုးသော ခရီးသွားလုပ်ငန်းတွေ အိပ်မက် မက်ခဲ့ကြပါတယ်။ လောင်းလုံးကျွန်းဆွယ်တကြောမှာ ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ ပင်လယ်ကမ်းခြေတွေနဲ့ အခြားလည်ပတ်ချင်စရာတွေက အတော်လေးများပါတယ်။ဒါကြောင့် တနင်္သာရီတိုင်း ဝန်ကြီးချုပ်တွေဖြစ်ခဲ့တဲ့ ဒေါက်တာလဲ့လဲ့မော်၊ ဦးမြင့်မောင်တို့ လက်ထက်က ထားဝယ်ခရိုင်ရဲ့ စီးပွားရေးကို ခရီးသွားလုပ်ငန်းနဲ့ ဖော်ဆောင်မယ်ဆိုပြီး ဦးစားပေးလုပ်ငန်းအဖြစ် အကောင်အထည်ဖော်ပါတယ်။

လုပ်ငန်းရှင်ကြီးတွေကလည်း လောင်းလုံးကျွန်းဆွယ်တကြောကို မျက်စိကျပြီး ခရီးသွားလုပ်ငန်းနဲ့ ဆိုင်တဲ့ စီမံချက်အကြီးစားတွေ အကောင်အထည်ဖော်ဖို့ အစိုးရမှာ မြေယာလုပ်ပိုင်ခွင့်ရအောင် အပြိုင်လျှောက်ထားလာကြပါတယ်။ဒေသခံတွေ၊ တိုင်းအစိုးရ၊ ဒေသတွင်းအရပ်ဘက်အဖွဲ့အစည်းတွေ၊ လုပ်ငန်းရှင်တွေက ခရီးသွားလုပ်ငန်းနဲ့ပတ်သတ်ပြီး ဆွေးနွေး၊ ငြင်းခုံ၊ အဖြေရှာနေကြတဲ့အချိန်မှာပဲ ကိုဗစ်ကပ်ဘေးက ပေါ်လာပါတယ်။

နောက်ပိုင်း ခရီးသွားလုပ်ငန်းတွေအားလုံး ရပ်ဆိုင်းခဲ့ရပါတယ်။ကိုဗစ်ကာကွယ်ဆေးတွေ မြန်မာနိုင်ငံရောက်လာတဲ့အချိန်မှာ ခရီးသွားလုပ်ငန်းတွေဟာလည်း မျှော်လင့်ချက်ရောင်ခြည် ပြန်သန်းလာတယ်လို့ ဆိုရမှာပါ။ပိတ်ထားတဲ့ကမ်းခြေတွေကို တိုင်းအစိုးရက အကန့်အသတ်နဲ့ ဖြေလျှော့ပေးပြီး ပြန်ဖွင့်ဖို့ ကြိုးစားလာပါတယ်။

ကိုလင်းထွန်းတို့ကလည်း ဖေဖော်ဝါရီနဲ့ ဧပြီလအကြားမှာ ခရီးသွားတွေရောက်လာဖို့ မျှော်လင့်ခဲ့တာပါ။အဲဒီအချိန်မှာပဲ မြန်မာနိုင်ငံ နိုင်ငံရေး မုန်တိုင်းက ကိုလင်းထွန်းတို့ရဲ့ မျှော်လင့်ချက်ကို တိုက်ခတ်ဖျက်ဆီးလိုက်တာပါ။“အာဏာသိမ်းလိုက်တာက ကျွန်တော်တို့အနာဂတ်ပျောက်သွားတယ်လို့ ခံစားရတယ်။

မဟုတ်ရင် ကျွန်တော်တို့ခရီးသွားလုပ်ငန်းလည်း အတိုင်းအတာတစ်ခုထိ လည်ပတ်နိုင်နေလိမ့်မယ်” လို့ ကိုလင်းထွန်းက ဆိုပါတယ်။ အခုချိန် ခရီးသွားလုပ်ငန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးအောင်လုပ်မယ်ဆိုရင် ရယ်စရာဖြစ်နေလိမ့်မယ်လို့ ကိုလင်းထွန်းက မှတ်ချက်ပြုပါတယ်။အခုတော့ သူတို့သူငယ်ချင်းတွေထဲမှာ ဖမ်းဝရမ်းထုတ်ခံရတဲ့သူနဲ့ တကွဲတပြားစီဖြစ်ကုန်ပြီး သူတို့မျှော်လင့်ချက်လည်း ပျက်စီးသွားပြီလို့ ဆိုပါတယ်။

အချို့လူငယ်တွေဟာ အနာဂတ်မှာ ကိုယ်ဘာဖြစ်ချင်တယ်။ အဲဒီအတွက် ကိုယ်ဘာဆက်လုပ်မယ်ဆိုတဲ့ အစီအမံတွေ ချမှတ်ထားကြပြီးသား ဖြစ်ပါတယ်။ အဲဒီလူတွေထဲမှာ သရက်ချောင်းမြို့နယ်က အသက် ၂၅ နှစ်အရွယ် မစန္ဒီ (အမည်လွှဲ) လည်းပါဝင်ပါတယ်။သူဟာ အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးဖြစ်ပြီးတော့ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်လို့ အလုပ်ထုတ်ခံထားရပါတယ်။ လက်ရှိ အလုပ်လက်မဲ့ဖြစ်နေသူတစ်ဦးပါ။

အလုပ်ရပြီး ၈ လအကြာမှာပဲ သူ့အလုပ်ကို စွန့်လွှတ်ခဲ့တာလို့ မစန္ဒီက ပြောပါတယ်။ ညီမဖြစ်တဲ့သူကလည်း ကျောင်းဆရာမ။ သူ့လိုပဲ CDM လုပ်လို့ အလုပ်ထုတ်ခံထားရတာပါ။ ဒါကြောင့် အရင်ကလို သူတို့ညီအစ်မနှစ်ယောက် အိမ်ကို မထောက်ပံ့နိုင်တော့ဘူးလို့ ဆိုပါတယ်။သူရဲ့ရည်မှန်းချက်ကတော့ အစိုးရဝန်ထမ်းအရာရှိကြီးတစ်ဦးဖြစ်ဖို့ပါ။

အဝေးသင်တက္ကသိုလ်ကနေ ဘွဲ့တစ်ခုရအောင်ကြိုးစားပြီး အရာရှိတစ်ယောက်ဖြစ်အောင် ကြိုးစားမယ်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။ အဲဒါ အာဏာမသိမ်းခင်က ရည်မှန်းချက်ပါ။CDM လုပ်လို့ အလုပ်ထုတ်ခံရတာကို ဝမ်းမနည်းပေမယ့် လတ်တလော အလုပ်အကိုင်ရှားပါးမှုကြောင့် နောက်ထပ်အလုပ်တစ်ခု ရှာမရတာကတော့ သူ့အတွက် အခက်တွေ့စေတယ်လို့ မစန္ဒီက ဆိုပါတယ်။

“အခုက အလုပ်လဲရှာမရဘူးဆိုတော့ ရှေ့ဆက်လျှောက်ရမှာတွေက လမ်းပိတ်နေတယ်” လို့ သူကဆိုပါတယ်။မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပြီးနောက် မိသားစုဝင်တွေရဲ့ ဝင်ငွေ သိသိသာသာလျှော့နည်းသွားကြသလို ဝင်ငွေလုံးဝမရှိတော့တဲ့ မိသားစုဝင်တွေလည်းရှိနေတယ်လို့ သုတေသနတွေ့ရှိချက် အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။အဲဒီသုတေသနတွေ့ရှိချက်ကို ဉာဏ်စင်္ကြန်အဖွဲ့က ဇွန်လမှာ ထုတ်ပြန်ထားတာပါ။

တနင်္သာရီတိုင်းအပါအဝင် မြန်မာနိုင်ငံ နေရာအနှံ့အပြားက လူပေါင်း တစ်ထောင်ကျော် (၁၁၇၄ ဦး) ကို အွန်လိုင်းကနေ မေးမြန်းပြီး အဲဒီသုတေသန တွေ့ရှိချက်ကို ထုတ်ပြန်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။ပုံမှန်ထက် သိသိသာသာဝင်ငွေ‌ကျဆင်းသွားတဲ့ မိသားစုကတော့ ၄၃ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ ဝင်ငွေလုံးဝမရှိတော့တဲ့ မိသားစုကတော့ ၂၆ ရာခိုင်နှုန်းရှိပြီး ဒုတိယအများဆုံးဖြစ်တယ်လို့ အဲဒီသုတေသနအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အလွယ်ပြောရရင် လူ ထက်ဝက်နီးပါးက သိသိသာသာ ဝင်ငွေကျကြပြီး လေးပုံတစ်ပုံက လုံးဝ ဝင်ငွေမရှိတော့ပါဘူး။ ညဘက်အလုပ်လုပ်ရတဲ့ သဘင်အနုပညာရှင်တွေ၊ ဘော်ဒါဆောင်ပိုင်ရှင်တွေ၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်း လုပ်ကိုင်သူတွေ စတဲ့လုပ်ငန်းတွေဟာ အခုချိန်မှာ လုံးဝနီးပါး ဝင်ငွေမရကြတော့တဲ့ လုပ်ငန်းတွေလို့ ဆိုရမှာပါ။

နိုင်ငံခြားထွက် အလုပ်လုပ်ဖို့ရည်မှန်းထားတဲ့သူတွေဟာ အခုချိန်မှာ နိုင်ငံခြားလည်းမထွက်ရ၊ ပြည်တွင်းမှာလည်း အလုပ်ရှာမရဖြစ်နေတဲ့အပြင် ငွေကြေးတွေပါ ဆုံးနေကြတယ်လို့ဆိုပါတယ်။ဂျပန်နိုင်ငံကိုသွားပြီး ကျောင်းတက်ရင်း အလုပ်လုပ်ဖို့ ကြိုးစားနေတဲ့ ထားဝယ်မြို့က အသက် ၂၅ နှစ်အရွယ် မငယ်ငယ်တစ်ယောက် ငွေကျပ်သိန်း ၄၀ နီးပါး ဆုံးနေတယ်လို့ ဆိုပါတယ်။

အဲဒါက ကနဦး ကြိုသွင်းငွေပဲရှိသေးတာပါ။ သင်တန်းစရိတ်နဲ့ အခြားစရိတ်တွေမပါသေးဘူးလို့ ပြောပါတယ်။“ကျွန်မရဲ့ရည်မှန်းချက်က ဂျပန်နိုင်ငံကိုသွားပြီး အလုပ်လုပ်ဖို့ပါ။ အဲဒီအတွက် ငွေတွေ၊ အချိန်တွေအများကြီး ပေးထားရတာပေါ့။ အစက ကိုဗစ်ကြောင့် မသွားရသေးဘူး။ ကိုဗစ်အခြေအနေ ကောင်းလာလို့ အခုသွားဖို့ နီးစပ်လာတဲ့အချိန်ကျတော့မှ အာဏာသိမ်းတဲ့ကိစ္စက ထမွှေလိုက်လို့ ပျက်သွားတယ်” လို့ မငယ်ငယ်က ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ဂျပန်နိုင်ငံဘက်က ကမ်းလှမ်းချက်မလာတော့ဘူးလို့ ဆိုပါတယ်။သူဟာ ဂျပန်နိုင်ငံသွားနိုင်ဖို့ လွန်ခဲ့တဲ့ သုံးနှစ်ကျော်ကတည်းကနေ သင်တန်းတက်တာ၊ ပိုက်ဆံစုတာ၊ လိုအပ်တဲ့စာရွက်စာတမ်း အခက်အခဲတွေ ဖြေရှင်းတာတွေလုပ်နေခဲ့တာလို့ ဆိုပါတယ်။ပထမတစ်နှစ်က စာရွက်စာတမ်းကြောင့်၊ ဒုတိယနှစ်က ကိုဗစ်၊ အခုဒီနှစ်ကျတော့ အာဏာသိမ်းမှုနဲ့ တိုးပြီး ရည်မှန်းချက် ပျက်ခဲ့ရတာလို့ ဆိုပါတယ်။

ခရီးသွားလုပ်ငန်းလုပ်ချင်နေတဲ့ ကိုလင်းထွန်း၊ အလုပ်ထုတ်ခံထားရတဲ့ မစန္ဒီ၊ ဂျပန်နိုင်ငံသွားချင်တဲ့ မငယ်ငယ်တို့သုံးယောက်ဟာ မတူညီတဲ့ ရည်မှန်းချက်တွေရှိနေသလို တူညီတဲ့ ခံယူချက်တစ်ခုလည်းရှိပါတယ်။အဲဒါကတော့ ပျောက်ဆုံးနေတဲ့ အနာဂတ်မျှော်လင့်ချက်အတွက် စိတ်ဓာတ်ကျမနေဘဲ လုပ်သင့်၊ လုပ်ထိုက်တာကို ပုံမှန်လုပ်နေဖို့ ခံယူထားတယ်လို့ သူတို့သုံးယောက်စလုံးက ပြောဆိုကြပါတယ်။

“ဖြစ်နေတာက ကိုယ်တစ်ယောက်တည်းမှမဟုတ်တာ။ ကိုယ့်ထက်ဆိုးတဲ့သူတွေမှ အများကြီးရှိနေသေးတယ်လေ။ အဲဒါကြောင့် အများကြီးတော့ ခံစားမနေဘူး။ ကိုယ်လုပ်စရာရှိတာ ဆက်လုပ်နေတယ်” မငယ်ငယ် ကဆိုပါတယ်။