ပုလောတွင် အုပ်ချုပ်ရေးမှူးတစ်ဦး ဓားခုတ်ခံရပြီး သေဆုံး

0
179

မြိတ်ခရိုင် ပုလောမြို့နယ် ပုလောကုန်းကျေးရွာအုပ်စု မြို့ဟောင်းရွာ အုပ်ချုပ်ရေးမှူးတစ်ဦး ဇွန်လ ၂၈ ရက် ညနေပိုင်းတွင် ဓားခုတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

သေဆုံးသူမှာ ဦးမြင့်နိုင်ဆိုသူဖြစ်ပြီး ဦးခေါင်းတွင် ဓားခုတ်ဒဏ်ရာဖြင့် လမ်းဘေးတစ်နေရာတွင် လဲနေသဖြင့် ပုလောဆေးရုံသို့ တင်ပို့ခဲ့သော်လည်း သေဆုံးသွားခဲ့ကြောင်း ‌ပု‌လောလူမှုကူညီရေး ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဦးမြင်နိုင်မှာ တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှ အုပ်ချုပ်ရေးမှူး ဖြစ်လာခြင်း ဖြစ်သည်။ “ရှင်းရှင်းပြောရမယ်ဆိုရင် နိုင်ငံရေးကိစ္စနဲ့တော့မဆိုင်ဘူး။ (တပ်ကောင်စီခန့်) အုပ်ချုပ်ရေးမှူးမို့လို့ တမင်သတ်လိုက်တာမျိုးတော့မဟုတ်ဘူး။ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေပါတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

သေဆုံးသူသည် ၂၀၁၈ ခုနှစ်က တနင်္သာရီတိုင်း ဘော်လီဘော နည်းပြတစ်ဦးအား ဓားဖြင့်ခုတ်မှုကြောင့် ထောင်ကျခဲ့ဖူးပြီး ထောင်ကလွတ်လာသည်မှာမကြာသေးကြောင်း ၎င်းကပြောသည်။

ယင်းအုပ်ချုပ်ရေးမှူး အသတ်ခံရပြီးနောက် ပုလောကုန်းရွာတွင် ဖမ်းဆီးစစ်ဆေးခံရနေရသူများလည်း ရှိနေကြောင်း ဒေသခံအချို့က ပြောဆိုသည်။ပုံစာ-ပုလောကုန်းကျေးရွာအား တွေ့ရစဉ်။