တနင်္သာရီတိုင်း လေယာဉ်ခရီးစဉ်ရပ်နားမှု သက်တမ်းထပ်တိုး

0
192

ကိုဗစ်ရောဂါကူးစက်မှုမြင့်တက်နေသည့်အတွက် တနင်္သာရီတိုင်းအတွင်းသို့ ပြေးဆွဲနေသည့်လေယာဉ်ခရီးစဉ်များ ပြေးဆွဲမှုရပ်နားထားခြင်းကို ထပ်မံသက်တမ်းတိုးလိုက်ကြောင်း လေကြောင်းလိုင်းများက ထုတ်ပြန်ထားသည်။

ထားဝယ်၊ မြိတ်နှင့် ကော့သောင်းသို့ ပျံသန်းပြေးဆွဲနေသည့် လေယာဉ်ခရီးစဉ်များအား မေလ ၂၉ ရက်နေ့မှစ၍ ရပ်နားထားခဲ့သည်။လက်ရှိတွင် ကိုဗစ်ကပ်ဘေး ကူးစက်မှုပိုမိုမြင့်တက်လာသည့်အတွက် လေကြောင်းလိုင်း ပြေးဆွဲမှုကို ယခင်က ဇွန်လကုန်အထိသာ သတ်မှတ်ထားရာမှ လက်ရှိတွင် လေကြောင်းလိုင်းအလိုက် ထပ်မံသက်တမ်းတိုးလိုက်ခြင်းဖြစ်သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းအနေဖြင့် ထားဝယ်၊ မြိတ်နှင့် ကော့သောင်းခရီးစဉ်များကို ဇူလိုင်လကုန်အထိ နှင့် အဲယားကမ္ဘောဇလေကြောင်းလိုင်းက ဇူလိုင်လ ၁၅ ရက်နေ့အထိ ရပ်နားကြောင်း ကြေညာထားသည်။

ပထမအကြိမ် လေယာဉ်ခရီးစဉ် ရပ်နားသည့် မေလ ၂၉ ရက်မှ ဇွန်လ ၆ ရက်နေ့အထိကြေညာခဲ့ပြီး နောက်ပိုင်းတွင်လည်း ပျံသန်းမှုရပ်နားခြင်းကို ထပ်မံသက်တမ်းတိုးကြောင်း ရက်ပိုင်းအလိုက် သုံးကြိမ်ခန့် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

လက်ရှိ အခင်းအကျင်းအရ လေယာဉ် ခရီးစဉ်အားလုံးမှာ ဇူလိုင်လကုန်အထိ ရပ်နားမည့် အခြေအနေရှိကြောင်း ထားဝယ်မြို့ရှိ လေယာဉ်လက်မှတ်အရောင်း ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

“သူတို့ကတော့ (လေကြောင်းလိုင်း) တစ်ခုချင်းတော့ရေးထားတာပဲ။ ဒါပေမယ့် လကုန်အထိပဲ ဖြစ်ဖို့များတယ်ရှင်”ဟု ၎င်းက ပြောသည်။တနင်္သာရီတိုင်းအတွင်းသို့ မြန်မာ့လေကြောင်း၊ အဲယားကမ္ဘောဇလေကြောင်းလိုင်း၊ မန်းရတနာပုံနှင့် ရွှေမြန်မာလေကြောင်း လိုင်းတို့ ပြေးဆွဲနေသည်။

တနင်္သာရီတိုင်းအတွင်း ခရီးစဉ်များအပြင် လားရှိုး၊ ကလေး၊ တာချီလိတ်နှင့် ကျိူင်းတုံမြို့ ခရီးစဉ်များလည်း ရပ်နားထားကြောင်း သိရသည်။