သပိတ်ဦးဆောင်သူ အပါအဝင် ဝဲကျွန်းရပ်ကွက်တွင် အဖမ်းခံရသူအချို့ ထောင်ဒဏ်လေးနှစ်အထိ ချမှတ်ခံရ ဟုဆို

0
141

ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်တွင် အဖမ်းခံရသည့် ဆန္ဒပြဦးဆောင်သူ ကိုအောင်ဝေယံကျော်အပါအဝင် အဖမ်းခံရသူ ကိုးဦးအနက် အချို့ကို ထောင်ဒဏ်လေးနှစ်အထိ ချမှတ်ခဲ့ကြောင်း မိသားစုဝင်အချို့ထံမှ သိရသည်။

၎င်းတို့ကို မတ်လ ၁၈ ရက်နေ့က ဝဲကျွန်းရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အမှုအား အချိန်ခြောက်လအတွင်း အပြီးစစ်ဆေးရန် ဆုံးဖြတ်ထားသည်။

အဖမ်းခံရသူကိုးဦးကို ဇွန်လ ၂၁ ရက်နေ့က အမိန့်ချလိုက်ခြင်းဖြစ်ပြီး သပိတ်ဦးဆောင်သူအပါအဝင် အဖမ်းခံရသူအချို့ကို ထောင်ဒဏ် ၄ နှစ်အထိ အမိန့်ချလိုက်သည်ဟု ရှေ့နေမှတစ်ဆင့်သိရကြောင်း ကိုအောင်ဝေယံကျော်၏ မိသားစုဝင်တစ်ဦးက ဆိုသည်။

အချို့ကိုမူ ထောင်ဒဏ် ၂ နှစ်စီချမှတ်ခဲ့သည်ဟု သိရကြောင်း ၎င်းကပြောသည်.
၎င်းတို့ကို ထားဝယ်အကျဉ်းထောင်အတွင်းရှိ အထူးတရားရုံးတွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး မည်သူ့ကို မည်သည့်ပုဒ်မ ဖြင့် တရားစွဲဆိုခဲ့ပြီး ချမှတ်ခံရသည့် ထောင်ဒဏ်အတိအကျကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။

အမှုလိုက်ပါကူညီဆောင်ရွက်နေသည့် ရှေ့နေများထံ ဆက်သွယ်ခဲ့သော်လည်း လက်ရှိအချိန်ထိ ဆက်သွယ်၍ မရသေးပေ။

ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅(က) အပြင် လက်နက်အမှုဖြင့်ပါ အမိန့်ချခဲ့သည်ဟု သိရကြောင်း ကိုအောင်ဝေယံကျော်၏ မိသားစုဝင်က ဆိုသည်။

အမိန့်ချမှတ်ခံရခြင်းအပေါ် အယူခံဝင်မည့်ကိစ္စကို ရှေ့နေဖြစ်သူနှင့် တိုင်ပင်မည်ဖြစ်ပြီး ယတိပြတ်မပြောနိုင်သေးကြောင်း အထက်ပါ မိသားစုဝင်က ဆိုသည်။

“အဆိုးဆုံးလည်း မျှော်လင့်ထားတယ်၊ အကောင်းဆုံးလည်း မျှော်လင့်ထားတာဖြစ်တဲ့အတွက် အယူခံကတော့ ရှေ့နေတွေနဲ့တွေ့ပြီး တိုင်ပင်သင့်တာ တိုင်ပင်ပြီး လုပ်စရာရှိတာ ဆက်လုပ်မယ်” ဟု ၎င်းက ပြောသည်။

၎င်းတို့ကို ထားဝယ်အကျဉ်းထောင်အတွင်းရှိ အထူးတရားရုံးတွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

အကျဉ်းထောင်အတွင်း ဝင်ခွင့်မပြုသည့်အတွက် အမိန့်ချမှတ်ခဲ့သည့် အသေးစိတ်ကို မသိရခြင်းဖြစ်ကြောင်း အထက်ပါ မိသားစုဝင်က ဆိုသည်။

အမှုဖြစ်စဉ်တွင် သပိတ်ခေါင်းဆောင် ကိုအောင်ဝေယံကျော်အပါအဝင် ဆယ်ဦးအား အမှုတွဲသုံးခုခွဲကာ သီးခြားစီတရားစွဲ ဆိုခဲ့ကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောဆိုထားသည်။

အဖမ်းခံရသူ ဆယ်ဦးအနက် ကိုအောင်ဝေယံကျော်ပါ ခုနှစ်ဦးကိုတစ်မှု၊ ကိုဝင်းလတ်ထွေးပါ နှစ်ဦးကို တစ်မှုနှင့် အသက်မပြည့်သေးသည့် ကိုရာဇာထွန်းကို တစ်မှု သီးခြားစီတရားစွဲတင်ထားကြောင်း ၎င်းက ရှင်းပြထားသည်။

ယခင်က ၎င်းတို့ဆယ်ဦးစလုံးကို ဧပြီလ ၁ ရက်နေ့က ရာဇသတ်ကြီးပုဒ်မ ၅၀၅- က၊ ၅၀၅(ဂ) တို့ဖြင့် သီးခြားစီတရားစွဲဆိုထားခြင်းဖြစ်သည်။