အမေ ငွေမျှော်နေရော့မယ်

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ကိုကျော်စိုးတစ်ယောက် မလေးရှားကနေ မြန်မာပြည်တွင်းက မိခင်ဖြစ်သူထံ ငွေပို့ပေးဖို့ အခက်အခဲဖြစ်နေပါတယ်။ ဝါဆိုသင်္ကန်းကပ်ချင်တဲ့ သူ့အမေဆီ ငွေငါးသိန်းကျပ် ပို့ချင်နေတာဖြစ်ပါတယ်။

မလေးရှားနိုင်ငံမှာ ကိုဗစ်ကြောင့် လမ်းထွက်လို့မရဖြစ်နေတာကြောင့် ငွေပို့သွားဖို့ ခက်ပါတယ်။ အဲဒီကြားမှာပဲ မြွေပူရာကင်းမှောက်ဖြစ်ပါတယ်။ မြန်မာနိုင်က ပုဂ္ဂလိကဘဏ်တွေကို ငွေပို့ရခက်ခဲတာ၊ ပို့ချင်သလောက်ပို့လို့မရတာတွေက ထပ်ဆင့်ဖြစ်ပွားနေပြန်ပါတယ်။အဲဒီလိုအခက်အခဲတွေကြောင့် ဝါဆိုသင်္ကန်းကပ်ချင်တဲ့ အမေ့ဆန္ဒမဖြည့်ဆည်းနိုင်မှာကို ကိုကျော်စိုးတစ်ယောက် စိုးရိမ်နေရပါတယ်။

“ကိုယ့်မိဘကို ထောက်ပံ့ချင်လို့ ငွေပို့ပေးဖို့ကို ဟိုမေး၊ ဒီမေး လိုက်စုံစမ်းနေရတယ်” လို့ ကိုကျော်စိုးက ပြောပါတယ်။ကိုကျော်စိုးဟာ မလေးရှားနိုင်ငံ ဆလန်းဂေါပြည်နယ် ကလန်းမြို့မှာ စားသောက်ဆိုင်ရောင်းနေတာဖြစ်ပါတယ်။ သူ့ဇာတိက စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်သားဖြစ်ပါတယ်။ သူဟာ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်သူတစ်ဦးနဲ့ အိမ်ထောင်ကျခဲ့တာပါ။

သူနဲ့ ဇနီးဖြစ်သူက မလေးရှားမှာ အလုပ်လုပ်နေတာ နှစ်ဆယ်ချီရှိနေပါပြီ။ သားသမီးနှစ်ဦးကတော့ လောင်းလုံးမြို့နယ်က ရွာတစ်ရွာမှာ သူ့ယောက္ခမတွေနဲ့အတူတူ နေကြပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာမသိမ်းခင်က အဆင်ပြေပြေနဲ့ မိသားစုထံ ဘဏ်ကနေတဆင့် ငွေလွှဲပြီး ပုံမှန်ထောက်ပံ့နိုင်ခဲ့ပေမယ့် အခုချိန်မှာတော့ မြန်မာနိုင်ငံကို ငွေလွှဲပေးဖို့ဆိုတာက သူ့တို့အတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာပါတယ်။

လွှဲလိုက်တဲ့ငွေကို ပြည်တွင်းဘဏ်တွေမှာ ထုတ်ယူဖို့ အကန့်အသတ်ဖြစ်နေတာရယ်၊ မလေးရှားနိုင်ငံမှာ ကိုဗစ်ကူးစက်မှုမြင့်တက်နေလို့ လမ်းထွက်ခွင့်ပိတ်ထားတာရယ်ကြောင့် ငွေလွှဲဖို့ကိစ္စအခက်အခဲဖြစ်နေတာ ဖြစ်ပါတယ်။သူ့အမေဇာတိဖြစ်တဲ့ ဘုတလင်မြို့နယ်မှာက မြန်မာ့စီးပွားရေးဘဏ်တစ်ခုသာရှိပြီးတော့ တခြား ပုဂ္ဂလိကဘဏ်တွေမရှိဘူးလို့ ကိုကျော်စိုးက ပြောပါတယ်။

ပုဂ္ဂလိဘဏ်ရှိတဲ့ မုံရွာမြို့ကိုသွားပြီး ငွေထုတ်ဖို့ကျတော့လည်း မတော်တဆ လမ်းခရီးမှာ ဖမ်းဆီးခံရမှာ၊ ပစ်ခတ်မှုတွေနဲ့တိုးမှာကို ကြောက်နေရတယ်လို့ ဆိုပါတယ်။ဒါကြောင့် မလေးရှားကနေ ထားဝယ်ကို ငွေအရင်လွှဲ၊ ပြီးမှ ထားဝယ်ကနေ ဘုတလင် မြန်မာ့စီးပွားရေးဘဏ်ကို တစ်ခါပြန်လွှဲဖို့ ဇွန်လ ၁၄ ရက်ကတည်းက ကြိုးစားနေတာ ဇွန်လ ၁၉ ရက်အထိ ငွေလွှဲလို့မရသေးပါဘူးလို့ သူကပြောပါတယ်။

ဝါဆိုသင်္ကန်းကပ်အမီ သူ့အမေဆီ ငွေရောက်သွားဖို့ လိုနေတာကြောင့် အခုလို့ ခဲရာခဲဆစ် ကိုကျော်စိုး လိုက်လုပ်နေတာဖြစ်ပါတယ်။မလေးရှား၊ ထိုင်းနိုင်ငံတွေဆီရောက်နေကြတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားအချို့ဟာ မြန်မာပြည်က ကျပ်ငွေအပေါ် ယုံကြည်မှု ကျဆင်းလာနေကြပါတယ်။ ဒါကြောင့် အလုပ်အကိုင်အဆင်ပြေနေပေမယ့် မြန်မာနိုင်ငံကို ငွေအားလုံးမလွှဲကြတော့ပါဘူး။

မိသားစု ကျန်းမာရေး၊ စားဝတ်နေရေးအတွက် ငွေအနည်းအကျဉ်းကိုသာ လွှဲပို့ကြပါတော့တယ်။“ဒီမှာ မလေးရှားငွေတွေ လက်ထဲကိုင်ထားရတာကလည်း သိပ်ပြီးတော့စိတ်မချဘူး။ မြန်မာပြည်ပို့ပြီး ဘဏ်ထဲထည့်ထားဖို့ကလည်း အဆင်မပြေဘူး။ ဘဏ်ထဲက ပိုက်ဆံတွေတောင် ဝိုင်းထုတ်နေကြတာလေ။ အဲဒါကြောင့် ဘာပဲဖြစ်ဖြစ် ဒီမှာပဲ ခဏထားထားမယ်” လို့ မလေးရှားနိုင်ငံ ကလန်းမြို့က လက်အိတ်စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ လောင်းလုံးမြို့နယ်သူ ဒေါ်စန်းစန်းက ဆိုပါတယ်။

ဘဏ်တွေကနေ တစ်ဆင့် ငွေပို့ရခက်ခဲလာတော့ အရင်ခေတ်ကလို ပွဲစားကတဆင့် ငွေပို့တာတွေ ခေါင်းပြန်ထောင်လာပါတယ်။မလေးရှားကမြန်မာအများစုဟာ မြို့ကြီးတွေမှာဖွင့်ထားတဲ့ မြန်မာဆိုင်တွေက တစ်ဆင့် ပြည်တွင်းဘဏ်တွေကို ငွေပို့ကြတာပါ။ ထိုင်းနိုင်ငံက တနင်္သာရီတိုင်းသားအများစုကတော့ အရင်ကတည်းကနေ အခုချိန်အထိ ပွဲစားနဲ့ငွေလွှဲနေတုန်းပါ။

ပွဲစားကနေငွေပို့တာက အလုပ်သမားတွေအတွက် နစ်နာမှုရှိပါတယ်။ ပွဲစားပြောတဲ့ငွေဈေးနဲ့ လွှဲရတာကြောင့် ငွေဈေးအနှိမ်ခံရသလို အခန့်မသင့်ပါက အလိမ်ခံရနိုင်ခြေရှိတာကြောင့် မြန်မာနိုင်ငံသားတွေက ငွေပို့ရမှာ စိုးရိမ်နေကြတယ်လို့ဆိုပါတယ်။“ပိုက်ဆံနဲနဲပါးပါး သုံးလေးသိန်းလောက်ဆိုရင်တော့ ပွဲစားကနေလွှဲပါတယ်။ သိန်းနှစ်ဆယ်လောက်လွှဲမယ်ဆိုရင်တော့ ခက်တယ်။ မလွဲရဲဘူး။

ပြီးတော့ မြန်မာပြည်မှာလည်း အလွယ်တကူထုတ်လို့မရဘူး” လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အလုပ်လုပ်နေတဲ့ လောင်းလုံးမြို့နယ်သူ မယဉ်ယဉ်က ဆိုပါတယ်။ မယဉ်ယဉ်ရဲ့မိသားစုမှာက အမေရယ်၊ မောင်လေးတွေရယ်ပဲရှိပါတယ်။ အမေဖြစ်သူက ထားဝယ်ကဈေးတစ်ခုမှာ ထားဝယ်မုန့်တစ်မျိုးဖြစ်တဲ့ ကောက်ညှင်းမုန့်ခြောက်ကို ဝယ်ရောင်းလုပ်နေတာပါ။

သူ့အလုပ်က ရှင်ကိုးရှင်စာရင်းဝင် ရှင်မော်ဘုရားဖူးလာတဲ့ ခရီးသည်များမှ ရောင်းကောင်းတာပါ။ကိုဗစ်ရယ်၊ အာဏာသိမ်းမှုရယ်ကြောင့် ဘုရားဖူးခရီးသည်တွေ လုံးဝနီးနီး မလာကြတော့တာ နှစ်ချီနေပါပြီ။ ဒါကြောင့် သူလည်း အခြားသူတွေလိုပဲ အရင်လိုဝင်ငွေမရှိတော့ပါဘူး။ ဘန်ကောက်က သမီးဖြစ်သူပို့တဲ့ ငွေကိုပဲမျှော်နေရတာပါ။

မြန်မာနိုင်ငံ အထူးသဖြင့် တနင်္သာရီတိုင်းဟာ ပြည်ပရောက် ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ လွှဲငွေက အင်မတန် အရေးကြီးပါတယ်။ အချို့မိသားစုဆိုရင် အဲဒီငွေနဲ့ပဲ အစစ အရာရာ ဖြေရှင်းနေကြရပါတယ်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) ရဲ့ တွက်ချက်မှု အရဆိုရင် မြန်မာနိုင်ငံကို ပြည်ပလုပ်သားလွှဲပို့ငွေ ၂၀၁၅ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံ အထိ ရှိတယ်လို့ ဆိုပါတယ်။ အခုတော့ ဒီငွေတွေ က တစ်နေရာရာမှာ တန့်နေပါပြီ။ ပို့ရခက်၊ ပို့လည်း ထုတ်ရခက် ဖြစ်နေပါပြီ။ မြန်မာနိုင်ငံ နိုင်ငံရေးအခြေအနေ မတည်ငြိမ်မူ၊ ပြည်တွင်းဘဏ်ဂယက်ကြောင့် အဲဒီလိုခက်ခဲ စိုးရိမ်နေကြတာဖြစ်တယ်လို့ဆိုကြပါတယ်။

ပွဲစားကနေတဆင့်ငွေလွှဲလာကြတာက ထိုင်း၊ မလေးရှားနိုင်ငံကိုရောက်နေကြတဲ့ မြန်မာအလုပ်သမားတွေသာမက ဂျပန်နိုင်ငံမှာ အလုပ်သွားလုပ်နေသူတွေလဲ တရားမဝင်ငွေလွှဲတာကို အားကိုးလာနေကြရပါတယ်။ဂျပန်နိုင်ငံ တိုကျိူမြို့က လျှပ်စစ်ပစ္စည်းကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ မြိတ်မြို့သား ကိုဟိန်းဇော်တစ်ယောက်လည်း အခုနောက်ပိုင်း ဟွန်ဒီလို့ခေါ်တဲ့ တရားမဝင်လမ်းကြောင်းကနေ မြန်မာနိုင်ငံကို ငွေလွှဲနေရတယ်လို့ ဆိုပါတယ်။

“ငွေလွှဲကုမ္ပဏီတွေရပ်နေတော့ ဟွန်ဒီကိုပဲအားကိုးနေရတယ်။ ဟွန်ဒီကကျတော့ ဈေးတိုးမပေးဘူး။ နှိမ်ထားတယ်။ အာဏာမသိမ်းမီက ဈေးတိုးပေးတယ်။ ငွေပို့ကန့်သတ်တာတွေမရှိဘူး” လို့ သူပြောပါတယ်။အာဏာမသိမ်းခင်တုန်းကဆိုရင် နိုင်ငံခြားငွေလွှဲစနစ်ဖြစ်တဲ့ Western Union လိုမျိုး တရားဝင်ငွေလွှဲ လုပ်ငန်းတွေ၊ ဘဏ်က တစ်ဆင့်‌ အလွယ်တကူငွေလွှဲလို့ရနေပါတယ်။ အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်းမှာတော့ အဲဒီနိုင်ငံခြားငွေလွှဲစနစ်မှာလည်း ပို့ငွေတွေကန့်သတ်လာတယ်လို့ ကိုဟိန်းဇော်ကပြောပါတယ်။

“မြန်မာပြည်ကိုငွေလွှဲဖို့ကကျတော့ စီးပွားမှောင်ခိုသမားတွေရှိတော့ တနည်းမဟုတ်တနည်းရှိကြတယ်။ သိက္ခာမရှိတာတစ်ခုပဲ တန်းမဝင်တာပေါ့” လို့ သူကဆိုပါတယ်။မလေးရှားနိုင်ငံကိုရောက်နေတဲ့ ကိုကျော်စိုးတစ်ယောက်လည်း ဘုတလင်မြို့နယ်က ဝါဆိုသင်္ကန်ကပ်ချင်တဲ့သူ့အမေဆီ တစ်နည်းမဟုတ်တစ်နည်းနဲ့ အချိန်မီငွေရအောင်ပို့မယ်လို့ဆိုပါတယ်။

အမေဖြစ်သူကလည်း မျှော်နေရှာမှာပါ။ဒီလိုပဲ ဘန်ကောက်ရောက်နေတဲ့ လောင်းလုံးသူ မယဉ်ယဉ်ရဲ့မိခင်ကလည်း ဝယ်သူနည်းသွားတဲ့ ကောက်ညှင်းမုန့်ခြောက်ဆိုင်လေးမှာထိုင်ရင်း သမီးဖြစ်သူပို့လာမယ့်ငွေကို မျှော်နေရှာပါတယ်။

“အမေကတော့ ပြောပါတယ်။ အဆင်ပြေမှပို့ပါတဲ့။ သူတို့အဆင်ပြေပါတယ်တဲ့။ ဒါပေမယ့် ကျွန်မသိနေတယ်။ အမေကျွန်မဆီက ငွေကိုမျှော်နေမယ်ဆိုတာကို” လို့ မယဉ်ယဉ်က ဆိုပါတယ်။