မြိတ်တွင် တစ်ပတ်အတွင်း ကိုဗစ်လူနာနှစ်ဦးသေဆုံး

0
384

မြိတ်မြို့တွင် ဇွန်လ ၁၄ ရက်နေ့မှ ၂၀ ရက်နေ့အထိ တစ်ပတ်အတွင်း ကိုဗစ်နိုင်တီးရောဂါပိုးရှိသူ နှစ်ဦးသေဆုံးခဲ့ရကြောင်း မြိတ်မြို့ ကိုဗစ်ထိတွေ့သယ်ယူပို့ဆောင်ရေးအဖွဲ့ထံမှ သိရသည်။

မြိတ်ပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်နိုင်တီးကုသဆောင်တွင် ဆေးကုသခံယူနေသည့် ဘုတ်ပြင်းမြို့နေ အသက် ၇၀ ရှိ အမျိုးသမီးတစ်ဦးသည် ဇွန်လ ၁၄ ရက်နေ့တွင် လည်းကောင်း၊ အသက် ၆၃ နှစ်ရှိ အမျိုးသားတစ်ဦးသည် ဇွန်လ ၁၉ ရက်နေ့တွင်လည်း အသီးသီး သေဆုံးခဲ့သည်။

ဘုတ်ပြင်းမြို့နေ အမျိုးသမီးမှာ ပြင်းထန်သည့်ရောဂါအခံရှိနေပြီး အမျိုးသားမှာ ကင်ဆာ ကဲ့သို့သောရောဂါအခံ ရှိနေကြောင်း မြိတ်မြို့ ကိုဗစ်ထိတွေ့သယ်ယူပို့ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

မြိတ်ပြည်သူဆေးရုံကြီးရှိ ကိုဗစ် ကုသဆောင်တွင် ဇွန်လ ၂၀ ရက်နေ့အထိ ဆေးဝါးကုသမှုခံယူနေကြသူဦးရေမှာ အမျိုးသား ၁၉ ဦးနှင့် အမျိုးသမီး ၇ ဦး စုစုပေါင်း ၂၆ ဦးရှိကြောင်း ကိုဗစ် ထိတွေ့သယ်ယူပို့ဆောင်ရေးအဖွဲ့မှ သိရသည်။

မြိတ်မြို့မှ နယ်ကျော် ခရီးသွားမည့်သူများအား ကန်ခေါင်းရပ်ကွက် မိခင်နှင့် ကလေးဆေးကုသဆောင်ဝင်းအတွင်းရှိ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ရောဂါပိုးရှိ မရှိ စစ်ဆေးနေကြောင်း သိရသည်။