မြိတ်တွင် လျှပ်စစ်မီတာခ တစ်ယူနစ် စျေး ခုန်တက်

0
138
Dawei Watch, Dawei News, Dawei News Media

မြိတ်ခရိုင်အတွင်း လျှပ်စစ်မီတာခ ဈေးနှုန်းမှာ မေလတွင် ရုတ်တရက် ခုန်တက်သွားပြီး တစ်ယူနစ်လျှင် ကျပ်လေးရာနီးပါးအထိ မြင့်တက်ခဲ့ကြောင်း သိရသည်။

ဧပြီလက တစ်ယူနစ်လျှင် ၂၉၅ ကျပ်မှ မေလတွင် ၃၈၅ ကျပ်ပေးဆောင်ရသဖြင့် တစ်လအတွင်း တစ်ယူနစ်လျှင် ကိုးဆယ်ကျပ် အထိ စျေးတက်သွားခြင်းဖြစ်သည်။

“အဆမတန် ခုန်တက်သွားတာဆိုတော့ ကိုဗစ်ကာလမှာ ပြည်သူ‌တွေ အခက်အခဲဖြစ်ရတာပေါ့” ဟု လျှပ်စစ်မီးသုံးစွဲသူတစ်ဦးဖြစ်သည့် မြိတ်မြို့နယ် ဘုတ်ချောင်းရွာနေ ဦးကိုဦးက ပြောပြသည်။

ထို့ပြင် လျှပ်စစ်မီးအသုံးပြုသည့် အသေးစားလုပ်ငန်းတစ်ချို့ ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။

“မီတာခတွေ တက်လာရင် လုပ်ငန်းလည်ပတ်ရာမှာ ထိခိုက်သွားတယ်” ဟု မြိတ်တောင်ရပ်ကွက်ရှိ အသေးစား တွင်ခုံလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

အဆိုပါတွင်ခုံလုပ်ငန်းတွင် တစ်လလျှင် ပျမ်းမျှ ယူနစ် နှစ်ရာအထိ သုံးစွဲနေရသဖြင့် မေလအတွက် မီတာခ နှစ်သောင်းကျပ်နီးပါးအထိ ပိုပေးသွင်းရမည်ဖြစ်ကြောင်း အထက်ပါ တွင်ခုံလုပ်ငန်း လုပ်ကိုင်သူက ပြောပြသည်။

မြိတ်မြိုနယ်လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းကို တစ်ယူနစ်လျှင် ၂၉၂ ကျပ်နှုန်းဖြင့် Petro & Trans Co. , Ltdက ပြီးခဲ့သည့် အစိုးရလက်ထက်က တင်ဒါအောင်မြင်ထားခြင်းဖြစ်သည်။

“အပြောနဲ့ အလုပ်မညီသလိုဖြစ်နေတယ်” ဟု တွင်ခုံလုပ်ငန်းရှင်က ပြောသည်။

မီတာခဈေးနှုန်းများမှာ ပြီးခဲ့သည့် ဇန်နဝါရီလတွင် တစ်ယူနစ်လျှင် ၂၃၅ ကျပ်၊ ဖေဖော်ဝါရီလတွင် ၂၅၈ ကျပ်၊ မတ်လတွင် ၂၈၀ ကျပ်၊ ဧပြီလ ၂၉၅ ကျပ်နှင့် မေလတွင် ၃၈၅ ကျပ်အထိ အသီးသီး ပေးဆောင်ရကြောင်း လျှပ်စစ်မီးသုံးစွဲသူတို့မှ သိရသည်။

အထက်ပါ ကိစ္စနှင့် ပတ်သက်၍ လျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးသည့် ကုမ္ပဏီကို ဆက်သွယ်ရန် ကြိုးပမ်းသော်လည်း ဆက်သွယ်၍ မရသေးပေ။

လျှပ်စစ်မီးအတွက် အသုံးပြုသည့် ဒီ‌ဇယ်ဆီ ဈေးနှုန်းမြင့်တက်လျက်ရှိပြီး တစ်ပီပါလျှင် နှစ်သိန်းကျပ်ဝန်းကျင်ခန့်ရှိကြောင်း မြိတ်မြို့ရှိ ဒီဇယ်ဆီရောင်းဝယ်ရေးလုပ်ငန်း အသိုင်းအဝိုင်းမှ သိရသည်။