တနင်္သာရီတိုင်းသို့လာချိန် ကိုယ်အပူချိန်မြင့်နေပါက သွေးတွင်းအောက်ဆီဂျင် တိုင်းရမည်

0
158

တနင်္သာရီတိုင်းအတွင်းသို့ လာရောက်ချိန်တွင် ကိုယ်အပူချိန်မြင့်မားနေပါက သွေးတွင်းအောက်ဆီဂျင်တိုင်းရမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဇွနလ ၁၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

အခြားပြည်နယ်နှင့် တိုင်းမှလာရောက်သူများ ကိုယ်အပူချိန်မြင့်မားနေခြင်းနှင့် ကိုဗစ်သံသယလက္ခဏာများ တွေ့ရှိပါက လက်ချောင်းထိပ်တွင် သွေးတွင်းအောက်ဆီဂျင်တိုင်းမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

သွေးတွင်းအောက်ဆီဂျင် သတ်မှတ်ပမာဏအောက် လျော့နည်းနေပါက ကိုဗစ်အမြန်စစ်ဆေးသည့် RDT ဖြင့် စစ်ဆေးမည်ဖြစ်ပြီး ဆေးစစ်သည့်ကုန်ကျစရိတ်အား ကာယကံရှင်ဘက်မှ သတ်မှတ်နှုန်းအတိုင်း ကျခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထိုသို့စစ်ဆေးခြင်းကို ထားဝယ်မြို့မှ ၄၆ မိုင်ခန့်ကွာဝေးသည့် ကလိန်အောင်တံတားထိပ်ရှိ စစ်ဆေးရေးဂိတ်တွင် လုပ်ဆောင်မည်ဖြစ်သည်။

ယင်းအပြင် ခရီးသည်များ၏ အမည်၊ နေရပ်၊ ခရီးသွားရာဇဝင်နှင့် ဖုန်းနံပါတ်လည်း မှတ်တမ်းတင်ထားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

နေအိမ်တွင်သာနေထိုင်ရန် (Stay at Home) သတ်မှတ်ထားသည့် မြို့နယ်များမှ လာသူများအား အသွားအလာကန့်သတ် ၁၀ ရက် ထားမည်ဖြစ်ပြီး ၃ ရက်မြောက်နေ့နှင့် ၇ ရက်မြောက်နေ့တို့တွင် ကိုဗစ်ရှိ/ မရှိ ဆေးစစ်ခံရမည်ဖြစ်ကြောင်း သတ်မှတ်ထား သည်။

အထက်ပါထုတ်ပြန်ချက်များအား မလိုက်နာပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူမည်ဟု ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့ကလည်း တနင်္သာရီတိုင်းအတွင်းမှ အခြားတိုင်းနှင့်ပြည်နယ်များသို့ သွားမည်ဆိုပါက ကိုဗစ်စစ်ဆေးထားသည် အထောက်အထားပါရှိမှသာ ကလိန်အောင်တံတားဂိတ်ကို ဖြတ်သန်းခွင့်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားခဲ့သည်။

တနင်္သာရီတိုင်းအတွင်း အဝေးပြေးခရီးသည်များတွင် ကိုဗစ်ပိုး အများဆုံးတွေ့ရကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာအေးသိန်းက ပြောဆိုထားသည်။

တိုင်းအတွင်း ကိုဗစ်ကူးစက်မှုဆက်ရှိနေသဖြင့် ထိုင်း-မြန်မာနယ်ဂိတ်များနှင့် လေယာဉ်ပျံသန်းမှုခရီးစဉ်အားလုံးကို ပိတ်ထားခဲ့သည်။

တနင်္သာရီတိုင်းတွင် ယခုနှစ် ဖေဖော်ဝါရီလမှ ဇွန်လဆန်းအထိ လေးလကျော်ကာလအတွင်း ကိုဗစ်ပိုးတွေ့လူနာ ငါးရာကျော်ရှိကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။