မောင်းမကန်တွင် ရဲတပ်ကြပ်တစ်ဦး သေနတ်ပစ်ခံရ

0
210

လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဇွန်လ ၁၄ ရက်နေ့ နံနက်က သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ကနဦးသတင်းအရ သိရသည်။

မောင်းမကန်ရဲစခန်းမှ ရဲတပ်ကြပ်ကြီးမြင့်ဦးသည် ယနေ့နံနက် ကိုးနာရီခွဲခန့်တွင် မောင်းမကန် ကံယုံ ဘုန်းတော်ကြီးကျောင်းအနီးရှိ ၎င်းနေအိမ်မှ အပြင်သို့ထွက်လာစဉ် ပစ်ခတ်ခံလိုက်ရသည်ဟု‌ ဒေသခံအချို့က ဆိုသည်။

“သေနတ်ပစ်သံ သုံးချက်ကြားလိုက်တယ်၊ သေနတ်ဒဏ်ရာနဲ့ ကံယုံကျောင်းအလွန်မှာ လဲနေတယ်လို့ ပြောတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

သေနတ်ပစ်ခတ်သူများက မောင်းမကန်ကျေးရွာ သုဿန်အတွင်း ဝင်ပြေးသွားသည်ဟုဆိုသည့်အတွက် ရဲတပ်ဖွဲ့က လိုက်လံပစ်ခတ်ခဲ့သည်ဟု ၎င်းက ဆိုသည်။

ထိုသို့ ဝင်ပစ်ရာ နွားထိန်းနေသည့် နွားကျောင်းသားတစ်ဦးလည်း သေနတ်ထိမှန်သည်ဟု ကြားရကြောင်း ဒေသခံအချို့က ပြောသည်။

လူတစ်ဦး လမ်းပေါ် လဲနေသည်ကို မျက်မြင်တွေ့သည့် ဒေသခံတစ်ဦးကမူ လဲကျနေသူအနီးတွင် ရဲနှင့် စစ်ကားများ ရှိနေပြီး လမ်းကြားများတွင် ကင်းစောင့်နေကြသည်ဟုဆိုသည်။

“ရွာထဲက ဆိုင်တွေ၊ အိမ်တွေ အားလုံး ပိတ်ထားပြီး လမ်းပေါ်မှာလည်း လူတစ်ဦးမှ မရှိတော့ဘူး”ဟု ၎င်းက ဆိုသည်။

ရဲတပ်ကြပ်ကြီးမြင့်ဦး၏ နောက်ဆုံး အခြေအနေနှင့် ပတ်သက်၍ ထပ်မံ စုံစမ်းဆဲ ဖြစ်သည်။

ပုံစာ- ယမန်နှစ် အောက်တိုဘာလအတွင်းက မောင်းမကန်နယ်မြေရဲစခန်းအား တွေ့ရစဉ်