မွန်တွင် ကိုဗစ်အတည်ပြုလူနာ နှစ်ဦး ထပ်မံသေဆုံး

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

မွန်ပြည်နယ် မော်လမြိုင် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ နှစ်ဦး ဇွန်လ ၁၄ ရက်နေ့တွင် ထပ်မံသေဆုံးသွားကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

သေဆုံး ကိုဗစ်အတည်ပြုလူနာသည် မော်လမြိုင်မှ အသက် ၆၁ နှစ်နှင့် ၇၆ နှစ်ရှိလူနာများဖြစ်ပြီး ဇွန်လအတွင်း သေဆုံးကိုဗစ်အတည်ပြုလူနာ ၃ ဦး ရှိပြီးဖြစ်သည်။

ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှုအခြေအနေသည် ဇွန်လ ၁၄ ရက်နေ့အထိစာရင်းများအရ ကိုဗစ်အတည်ပြုလူနာ ၂၀ ကျော်ရှိနေပြီး သေဆုံးသူ ၃ ဦးရှိသည်။

မွန်ပြည်နယ်တွင် မေလဆန်းပိုင်းခန့်မှစကာ ကိုဗစ်အတည်ပြုလူနာများ ပြန်လည်တွေ့ရှိလာခြင်းဖြစ်ပြီး ဇွန်လအတွင်း ကိုဗစ်လူနာ နေ့စဉ်တွေ့ရှိလာသလို သေဆုံးမှုလည်း ဆက်တိုက်ရှိလာခဲ့သည်။

“မွန်ရဲ့အခြေအနေကတော့ Positive လူနာတွေ နေ့တိုင်း တွေ့နေတဲ့အနေအထားရှိတယ်၊ အခုဆိုရင် သေဆုံးမှုတွေလည်း ရှိလာတယ်၊ ပေါ့ဆနေလို့မရတော့ဘူး mask တွေ တပ်ကြဖို့လိုပါတယ်” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှု ပြန်များလာသည့်အနေအထားကြောင့် ကိုဗစ်စစ်ဆေးမှုကို လက်ရှိထက် ပိုမို လုပ်ဆောင်နိုင်ရန် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက စီစဉ် ဆောင်ရွက်နေကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

“ယိုးဒယားက ပြန်လာတဲ့လူနာတွေ အနံ့ပျောက်လူနာတွေ လူနာနဲ့ ထိတွေ့သူတွေ အားလုံးကို စစ်ပေးနေပါတယ်။ မြို့နယ်အသီးသီးမှာလည်း စစ်ပေးနေပါတယ်၊ မော်လမြိုင် ဓာတ်ခွဲခန်းမှာလည်း တစ်နေ့ကို လူ ၃၀၀ လောက်ကို စစ်ပေးနိုင်အောင် ကြိုးစားနေပါတယ်” ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာနန္ဒဝင်းက ပြောသည်။

၎င်းပြင် မော်လမြိုင်ရှိ Isolation Ward-1 နှင့် Isolation Ward-3 တို့တွင်လည်း ကိုဗစ် စစ်ဆေး ကုသမှုများ ပြန်လည်လုပ်ဆောင်နိုင်ရန် ဆောင်ရွက်လျှက်ရှိသည်ဟုလည်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူးက ဆက်ပြောသည်။

ကိုဗစ်နှင့် ပတ်သက်ပြီး ပြည်သူများ မပေါ့ဆကြရန်နှင့် ကျန်းမာရေးအသိရှိကြရန် ကိုဗစ်စည်းကမ်းသတ်မှတ်ချက်များအတိုင်း လိုက်နာနေထိုင်ကြရန်လည်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူးက တိုက်တွန်းထားသည်။

စစ်တပ် အာဏာမသိမ်းခင် ဇန်နဝါရီလကုန်အထိ မွန်ပြည်နယ်တွင် ကိုဗစ်ပိုးတွေ့လူနာ ၃၀၀၀ ကျော်ရှိခဲ့ပြီး သေဆုံးသူ ၄၀ ကျော်အထိရှိခဲ့သည်။

မြန်မာနိုင်ငံတစ်ဝန်းတွင်လည်း ကိုဗစ်လူနာ တွေ့ရှိမှု ပြန်လည် မြင့်တက်လာပြီး ဇွန် ၁၃ ရက်နေ့က ၃၇၃ ဦး တွေ့ရှိခဲ့သည်။