မောတောင်-စင်ခွန်းနယ်စပ်ဂိတ် မြန်မာရွေ့ပြောင်းအလုပ်သမားများ ဆက်တိုက် အဖမ်းခံရ

0
193

မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ဂိတ် တစ်ဖက်ရှိ ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်မြို့ စင်ခွန်းနယ်စပ် မောတောင်-စင်ခွန်းနယ်စပ်ဂိတ်တွင် တရားမဝင် ဝင်ရောက်လာကြသည့် မြန်မာရွေ့ပြောင်းအလုပ်သမားများအား ထိုင်းဘက်မှ ဆက်တိုက် ဖမ်းဆီးနေကြောင်း သိရသည်။

မြန်မာရွေ့ပြောင်းအလုပ်သမားတို့သည့် နှစ်နိုင်ငံနယ်စပ်ဂိတ်တစ်လျှောက်ရှိ တောလမ်းများမှ တရားမဝင် ဝင်ရောက်နေကြခြင်းဖြစ်သည်။

ယင်းကဲ့သို့ ဝင်ရောက်ခဲ့ကြသဖြင့် ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့က မြန်မာအလုပ်သမား အမျိုးသားခုနှစ်ဦး၊ အမျိုးသမီး ငါးဦးတို့နှင့် ဦးစီးခေါ်ဆောင်လာသည့် အမျိုးသားသုံးဦးတို့အား ပရာကျွတ်ခီရီခန်ခရိုင် မေ(င်)မြို့နယ် တွင် ဖမ်းမိခဲ့ကြောင်း အလုပ်သမားဟစ်တိုင် Habour Hittai ( non-profit organisation) ၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖော်ပြထားသည်။

အလုပ်သမားဟစ်တိုင် Habour Hittai ( non-profit organisation) သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အခြေစိုက်ပြီး ရွေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်သည်။

ထို့ပြင် ဇွန်လ ၁၀ ရက်နေ့က မြန်မာအလုပ်သမား အမျိုးသားလေးဦးနှင့် အမျိူးသမီးလေးဦး၊ ‌ဇွန်လ ၁၁ ရက်နေ့တွင် အမျိုးသားငါးဦးနှင့် အမျိုးသမီးလေးဦး လမ်းပြခေါ်ဆောင်လာသူ တစ်ဦးတို့အား ထပ်မံဖမ်းမိခဲ့ကြောင်း သိရသည်။

အလုပ်သမားအများစုမှာ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်ဒေသကြီးအတွင်း နေထိုင်သူများဖြစ်ကြကြောင်း သိရသည်။

အဆိုပါ မောတောင်-စင်ခွန်းနယ်စပ်ဂိတ်တလျှောက် တွင် ပြီးခဲ့သည့်နှစ်ကုန်ခန့်မှစပြီး ထိုင်းဘက်မှ သွပ်ဆူးကြိုးများ ကာရံခြင်း၊ CCTV များ၊ အချက်ပေးစနစ်များ၊ ဆလိုက်မီးများတပ်ဆင်ခြင်းနှင့် ကင်းတပ်ဖွဲ့များဖြင့် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ထားကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်ပါက ထောင်ဒဏ် အနည်းဆုံး ၁၅ ရက်မှ အများဆုံး ၅၀ ရက်အထိ ချမှတ်နိုင်ပြီး ကိုဗစ်ကူးစက်ရောဂါကာလတွင် ထုတ်ပြန်ထားသည့် အရေးပေါ်ကြေညာချက်ဥပဒေအရ ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်ကြောင်း မြိတ်-ပရာကျွတ် မောင်နှစ်မ မြို့တော် တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဓာတ်ပုံ-Habour Hittai