မွန်တွင် ကိုဗစ် အတည်ပြုလူနာ ၁၇ ဦးအထိတိုးလာ

0
271
Dawei Watch, Dawei News, Dawei News Media

မွန်ပြည်နယ်အတွင်း ဆေးကုသမှုခံယူနေရသည် ကိုဗစ်အတည်ပြုလူနာ ၁၇ ဦးအထိတိုးလာကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ပြည်နယ်အတွင်း မေလခန့်မှစကာ ကိုဗစ်ရောဂါအတည်ပြုလူနာများ ပြန်လည်တွေ့ရှိလာခြင်းဖြစ်ပြီး ဇွန်လ ၁၀ ရက်နေ့အထိစာရင်းများအရ ဆေးကုသမှုခံယူနေရသည် အတည်ပြုလူနာ ၁၇ ဦးရှိပြီး အသက် ၆၉ နှစ်အရွယ်အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။

ကိုဗစ်အတည်ပြုလူနာများသည် ပြည်ပမှ ပြန်ဝင်လာသူများရှိသလို ခရီးသွားရာဇဝင်မရှိ၊ ပိုးတွေ့လူနာနှင့်ထိတွေ့မှုမရှိဘဲ အနံ့ပျောက်လက္ခဏာပြရာမှ တစ်ဆင့် ပိုးတွေ့ရှိသူများလည်း ရှိသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာနန္ဒဝင်းက ပြောသည်။

“အိမ်နီးချင်းနိုင်ငံတွေမှာ ကိုဗစ်တတိယလှိုင်းအသွင်နဲ့ ဖြစ်လာတာရှိတော့ တို့မှာလည်း ကြိုကြားကြိုကြားလို နိုင်ငံခြားက အပြန်ဝင်လာတဲ့ ပြည်တော်ပြန်တွေထဲမှာ တွေ့သလို တချို့ အနံ့ပျောက်လူနာလေးတွေလည်း ရှိလာတဲ့အတွက်ကြောင့် ကိုဗစ်ကတော့ ပေါ့လို့မရတဲ့အနေအထားပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ပြည်နယ်အတွင်းရှိ ကိုဗစ်အတည်ပြုလူနာများကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီးအပြင် မော်လမြိုင်ရှိ တပ်မတော်ဆေးရုံတို့တွင်လည်း ဆေးကုသပေးနေသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာန ပြည်နယ်ဦးစီးမှူးက ပြောသည်။

လက်ရှိတွင် မွန်ပြည်နယ်အတွင်း ကိုဗစ်အတည်ပြုလူနာ ဆက်တိုက် ပြန်လည်းတွေ့ရှိလာနေသည့်အတွက် ပြည်သူများ ကျန်းမာရေးအသိရှိကြရန် ကိုဗစ်စည်းကမ်းသတ်မှတ်ချက်များအတိုင်း လိုက်နာနေထိုင်ကြရန် ဒေါက်တာ နန္ဒဝင်းက ပြောသည်။

၎င်းပြင် ကိုဗစ်ကာကွယ်ဆေးများကိုလည်း မပျက်မကွက်ထိုးကြရန်လည်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူးက တိုက်တွန်း ပြောဆိုလိုက်သည်။

တပ်အာဏာမသိမ်းမီ ဇန်နဝါရီလကုန်အထိ မွန်ပြည်နယ်တွင် ကိုဗစ်ပိုးတွေ့လူနာ ၃၀၀၀ ကျော်ရှိခဲ့ပြီး သေဆုံးသွားသည့် ကိုဗစ်အတည်ပြုလူနာ ၄၀ ကျော်ရှိခဲ့သည်။