မြို့သစ် ၇ လမ်းတွင် အဖမ်းခံရသည့် ကိုဝေယံကျော်အား ဖမ်းထားသည့်နေရာ မိသားစု မသိရသေး

0
142
Dawei Watch, Dawei News, Dawei News Media

ထားဝယ်မြို့၊ မြို့သစ် ၇ လမ်းတွင် ဖမ်းခံရသည့် ကိုဝေယံကျော်အား မည်သည့်နေရာတွင် ဖမ်းထားသည်ကို မသိရသေးကြောင်း ၎င်း၏ မိခင်ဖြစ်သူက ပြောကြားသည်။

ထားဝယ်မြို့သစ်ရှိ ကိုဝေယံကျော်ပိုင်သည့် စားသောက်ဆိုင်အတွင်းသို့ အရပ်ဝတ်နှင့် လူလေးဦးဝင်လာပြီး ခေါ်ဆောင်သွားသည်ဟု မိခင်ဖြစ်သူက ပြောသည်။

သားဖြစ်သူကို မည်သူတို့က မည်သည့်နေရာသို့ မည်သည့်အကြောင်းကြောင့် လာရောက်ဖမ်းဆီးသွားသည်ကို မသိရကြောင်း မိခင်ဖြစ်သူက ဆိုသည်။

“အရင်တုန်းက ဆန္ဒပြပွဲတွေရှိတုန်းကတော့ သူငယ်ချင်းအပေါင်းအသင်းနဲ့ဆိုတော့ တစ်ခါတစ်လေလည်း လိုက်ဖြစ်တယ်ပေါ့၊ နောက်ပိုင်းကတော့ မလိုက်ဖြစ်ပါဘူး”ဟု မိခင်ဖြစ်သူက ဆိုသည်။

မနေ့ ညနေပိုင်းက ထားဝယ်မြို့မရဲစခန်းတွင်သွားရောက် မေးမြန်းခဲ့သော်လည်း ဖမ်းဆီးလာသူမရှိဟု ပြန်လည်ပြောဆိုသဖြင့် မိသားစုဝင်များက ကိုဝေယံကျော်အတွက် စိုးရိမ်ပူပန်နေကြသည်ဟု ပြောသည်။

ကိုဝေယံကျော်မှာ အသက် ၂၅ နှစ်ခန့်ရှိပြီဖြစ်ပြီး မိခင်ဖြစ်သူနှင့်အတူ စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်နေသူဖြစ်သည်။