လောင်းလုံးမြို့နယ်တွင် လူငါးဦးထက် ပိုမစုရ၊ ညမထွက်ရ အမိန့်ထုတ်

0
143

လောင်းလုံးမြို့နယ်တွင် လူငါးဦးထက်ပိုမစုရ၊ ညမထွက်ရအမိန့်ဖြစ်သည့် ပုဒ်မ ၁၄၄ ကို ဇွန်လ ၁၁ ရက်က ထုတ်ပြန်လိုက်သည်။

ညမထွက်ရသည့် အချိန်မှာ ည ၈ နာရီမှ နံနက် ၄ နာရီအထိ သတ်မှတ်ထားကြောင်း လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

မြို့နယ် အုပ်ချုပ်ရေးမှူးအဖြစ် ပြီးခဲ့သည့် မေလက ပြောင်းရွှေ့လာသည့် ဦးအောင်ထိုက် လက်မှတ်ရေးထိုးကာ ယင်းအမိန့်ကို ထုတ်ပြန်ထားခြင်းဖြစ်သည်။

“ဟုတ်ပါတယ် မနေ့က ကျွန်တော်တို့ ( ပုဒ်မ) ၁၄၄ ထုတ်ထားပါတယ်” ဟု ဦးအောင်ထိုက်က ပြောသည်။

တနင်္သာရီတိုင်း၏ မြို့တော်ဖြစ်သည့် ထားဝယ်မြို့နယ် အပါအဝင် မြို့နယ်အများစုတွင် ပုဒ်မ-၁၄၄ ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက ထုတ်ပြန်ထားပြီး လောင်းလုံးမြို့နယ်တွင်မူ ယခုမှထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လောင်းလုံးမြို့နယ်အတွင်း စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ်တစ်မျိုးမျိုးကိုအသုံးပြုပြီး စီတန်းလှည့်လည်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ်ပြုမူခြင်းများ မပြုလုပ်ရဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြား၊ အများပြည်သူသွားရာလမ်း၊ ဥယျာဉ်ခြံ သို့မဟုတ် အများပြည်သူနှင့် ဆိုင်သောနေရာများတွင် လူငါးဦး သို့မဟုတ် ငါးဦးထက်ပိုကာ စုဝေးခြင်းမပြုရဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြို့နယ်အတွင်းရှိကျေးရွာအချို့တွင်လည်း အထက်ဖော်ပြပါအချက်များကို လိုက်လံကြေညာလျက်ရှိကြောင်း ဒေသခံအချို့ကပြောသည်။

“လောင်းလုံးဘက်က ဆန္ဒပြနေတဲ့သူတွေကို ဖိတော့မယ်ထင်တယ်” ဟု အမည်မဖော်လိုသည့် အသက် ၂၀ ကျော်အရွယ် ဒေသခံအအမျိုးသမီးတစ်ဦးက ပြောသည်။

လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့သည် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ အရှိန်မသေသေးဘဲ ယနေ့အချိန်အထိ ဆက်လက်ဆန္ဒထုတ်ဖော်လျှက်ရှိသည်။

ပုံစာ- လောင်းလုံးမြို့နယ်အတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြနေသည့် သပိတ်စစ်ကြောင်းတစ်ခုကို ယခုလအတွင်း တွေ့ရစဉ်။