ကော့သောင်းတွင် သွေးကင်ဆာဝေဒနာသည်တစ်ဦး အပါအဝင် ရှစ်ဦး ထောင်ဒဏ်ချမှတ်ခံရ

0
205

ကော့သောင်းတွင် သွေးကင်ဆာ ဝေဒနာရှင်တစ်ဦး အပါအဝင် ဒေသခံ အနည်းဆုံး ရှစ်ဦးကို ဇွန်လ ၉ ရက်နေ့က ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချခံရကြောင်း မိသားစုဝင်အချို့ထံမှ စုံစမ်းသိရသည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် အမိန့်ချရသည့် အဆိုပါ ပြည်သူရှစ်ဦးတွင် သွေးကင်ဆာဝေဒနာခံစားနေရသည့် အသက် ၂၀ နှစ်အရွယ် ဆယ်တန်းကျောင်းသူ မသင်းနန္ဒာလင်းလည်းပါဝင်ကြောင်း မိသားစုဝင်တစ်ဦးကပြောသည်။

သင်္ကြန်ကာလက စာရွက်‌ဝေငှနေစဉ် အဖမ်းခံလိုက်ရခြင်းဖြစ်ပြီး သူမနှင့်အတူ ငါးဦး အဖမ်းခံခဲ့ရကြောင်း မသင်းနန္ဒာလင်း၏ အစ်ကိုဖြစ်သူကပြောသည်။

“ကျွန်တော်ညီမလေးမှာက သွေးကင်ဆာရောဂါ အခံရှိပါတယ်။ နှာခေါင်းသွေးလည်း ခဏခဏလျှံပါတယ်။ သူ့ရောဂါအခံနဲ့ တစ်ခုခုဖြစ်လာရင် အပြည့်အဝ တာဝန်ယူပေးနိုင်မလားဆိုတာ စိုးရိမ်နေတယ်” ဟု ၎င်းကဆိုသည်။

ယင်းအဖမ်းခံလိုက်ရသူငါးဦးတွင် မသင်းနန္ဒာလင်းအပါအဝင် အသက်ပြည့်သူနှစ်ဦးကို ဇွန်လ ၉ ရက်က ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံလိုက်ရကြောင်း ၎င်းကပြောသည်။

မသင်းနန္ဒာလင်းနှင့်အတူ အဖမ်းခံရပြီး အသက်မပြည့်သေးသူ သုံးဦးမှာမူ အမှုရင်ဆိုင်ရန် ရုံးချိန်းထပ်သွားရမည်ဟုဆိုသည်။

အသက်မပြည့်သူ သုံးဦးကိစ္စအား အတည်ပြုနိုင်ရန် Dawei Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

နောက်ထပ် ထောင်ဒဏ် ၂ နှစ်စီချမှတ်ခံလိုက်ရသူ ခြောက်ဦးမှာ ရွှေပြည်သာရပ်ကွက်နေ အသက် ၄၅ နှစ်အရွယ် ဒေါ်သီသီခိုင်၊ အသက် ၄၀ ဝန်းကျင်အရွယ် ဒေါ်သန်းကြွယ်နှင့် ဒေါ်ချိုစန်း၊ အသက် ၃၀ ဝန်းကျင်အရွယ် ဦးထိုက်ထိုက်နှင့် အခြားအမည်မသိရသေးသူ နှစ်ဦးတို့ဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောကြားသည်။

“သူတို့ခြောက်ယောက်ကို တစ်တွဲတည်း အမိန့်ချလိုက်တာ” ဟု အမူကိစ္စ လိုက်ပါဆောင်ရွက်ပေးနေသည့် ဒေါ်သီသီခိုင်၏ အစ်ကိုဖြစ်သူက ဆိုသည်။

၎င်းတို့‌ခြောက်ဦးအားလည်း ဇွန်လ ၉ ရက်နေ့က အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

ဒေါ်သီသီခိုင်မှာ ရပ်ကွက်အတွင်းဖွင့်ထားသည့် ကုန်ခြောက်ဆိုင်တွင် မီးရှူး မီးပန်းများတွေ့ရှိသည်ဟုဆိုကာ ဧပြီလအတွင်းက ဖမ်းဆီးခံရပြီးနောက် တရားစွဲခံထားရခြင်းဖြစ်ကြောင်း ၎င်း၏ အစ်ကိုဖြစ်သူကပြောသည်။

ယခုထောင်ဒဏ်ချမှတ်ခံလိုက်ရသူများအားလုံးကို ထောင်အတွင်းရှိ အထူးတရားရုံးတွင် စစ်ဆေးကာ အမိန့်ချမှတ်လိုက်ခြင်းဖြစ်ပြီး အားလုံးမှာ ရှေ့နေဖြင့် ခုခံချေပခဲ့ခြင်းမရှိဟု ဆိုကြသည်။

ထောင်ဒဏ်ချမှတ်ခံရကြောင်းကို ရဲတပ်ဖွဲ့ကဆက်သွယ်အကြောင်းကြားလာမှ သိရကြောင်း မိသားစုဝင်အချို့ကပြောသည်။

ဒေါ်သီသီချို နှင့် အတူဒဏ်ချမှတ်ခံရသူငါးဦးစလုံးမှာ အိမ်ထောင်ရှင်များဖြစ်ကြပြီး မိသားစု စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်လျှက်ရှိနေသည်ဟုဆိုသည်။

ကော့သောင်းမြို့အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးနှင့် အခြားအမျိုးသားတစ်ဦးကိုလည်း ယမန်နေ့က ထောင်ဒဏ်ချမှတ်ခံရသည်ဟုဆိုသည်။

ယင်းနှစ်ဦးကိစ္စနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ပုံစာ- ပြီးခဲ့သည့် မေလအတွင်းက ကော့သောင်းမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့သည်။