HIV ဆေးထောက်ပံ့နေသည့် နယ်စည်းမထားအဖွဲ့၏ လုပ်ငန်းရပ်နားရန် ညွှန်ကြားချက်အား ပြန်သုံးသပ်ပေးရန် တောင်းဆို

0
195
Dawei Watch, Dawei News, Dawei News Media

တနင်္သာရီတိုင်းအတွင်း HIV ရောဂါပိုးရှိသူများအား ART (HIV ပိုးပြန့်ပွားခြင်းအား ဟန့်တားသည့်ဆေး) ထောက်ပံ့ပေးနေသည့် နယ်စည်းမထား ဆရာဝန်များအဖွဲ့၏ လုပ်ငန်းများ ရပ်ဆိုင်းရန် ညွှန်ကြားချက်ကို ပြန်လည်သုံးသပ်ပေးရန် အနာဂတ် အလင်းရောင် ဘဝတူကူညီပံ့ပိုးရေးအဖွဲ့က ဇွန်လ ၁၀ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

အနာဂတ် အလင်းရောင် ဘဝတူကူညီပံ့ပိုးရေးအဖွဲ့သည် ထားဝယ်မြို့တွင် အခြေစိုက်ပြီး HIV ရောဂါပိုးရှိသူများ သောက်သုံးရသည့် ART ဆေးရရှိစေရန် နယ်စည်းမထားဆရာဝန်များအဖွဲ့နှင့် ပူးပေါင်းလုပ်ကိုင်နေခြင်းဖြစ်သည်။

HIV ရောဂါပိုးရှိသူများအား ကုသပေးနေသည့် နယ်စည်းမထားဆရာဝန်များအဖွဲ့၏ လုပ်ငန်းများ ရပ်ဆိုင်းထားရန် သက်ဆိုင်ရာဌာနက ဇွန်လ ၈ ရက်နေ့တွင် အကြောင်းကြားစာပေးပို့ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် နယ်စည်းမထားဆရာဝန်များအဖွဲ့၏ ART ဆေးပေးဝေမှု ရပ်နားလိုက်သည့်အတွက် နေ့စဉ်သောက်သုံးရန် လိုအပ်သည့်ဆေးဝါးပြတ်သွားနိုင်ပြီး အသက်အန္တရယ်ဖြစ်လာမည်ကို HIV ပိုးရှိသူများက စိုးရိမ်နေကြကြောင်း အနာဂတ် အလင်းရောင် ဘဝတူကူညီပံ့ပိုးရေးအဖွဲ့၏ ထုတ်ပြန်တောင်းဆိုချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ၎င်းတို့အဖွဲ့နှင့် နယ်စည်းမထားဆရာဝန်များအဖွဲ့တို့ ပူးပေါင်းပြီး ART ဆေးပေးနေရသည့် လူနာဦးရေ ၁၄၀၀ ကျော်ရှိကြောင်း အနာဂတ် အလင်းရောင် ဘဝတူကူညီပံ့ပိုးရေးအဖွဲ့ထံမှ သိရသည်။

ထိုကြောင့် တိုင်းဒေသကြီး နကစကောင်စီနှင့် သက်ဆိုင်ရာ ကျန်းမာရေးဌာနအနေဖြင့် လက်ရှိထုတ်ပြန်ထားသည့် အချက်ကို ပြန်လည်သုံးသပ်ပြီး ဆေးကုသသည့်ဝန်ဆောင်မှုဆက်လက်ခွင့်ပြုပေးရန် တောင်းဆိုခြင်းဖြစ်ကြောင်း အထက်ပါ တောင်းဆိုချက်တွင် ဖော်ပြထားသည်။

“HIV ဆေးဆိုတာက နေ့စဉ်သုံးရတာဖြစ်တယ်။ ပြတ်သွားလို့ရှိရင် သူတို့ရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်တွေ စိုးရိမ်ရတဲ့ နောက်ဆက်တွဲတွေ အများကြီးပေါ့ဗျာ” ဟု အနာဂတ်အလင်းရောင် ဘဝတူကူညီပံ့ပိုးရေးအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဦးဇော်ထွန်းက ပြောသည်။

ART ဆေးအား ပုံမှန်အားဖြင့် ၃ လတစ်ကြိမ်ထုတ်ပေးနေပြီး HIV ပိုးရှိသူ၏ကျန်းမာရေးအခြေအနေအပေါ်မူတည်ကာ တစ်လတစ်ကြိမ် သို့မဟုတ် ခြောက်လတစ်ကြိမ် ထုတ်ပေးနေကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့်နှစ်များမှ စတင်ကာ ART ဆေးသောက်နေရသည့် HIV ရောဂါပိုးရှိသူများကို သက်ဆိုင်ရာကျန်းမာရေးဌာနများသို့ ပြန်လည်လွှဲပြောင်းပေးနေသော်လည်း လက်ရှိတွင် မလွှဲပြောင်းရသေးသူများ ကျန်နေခြင်းဖြစ်သည်။

တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် နယ်စည်းမထား ဆရာဝန်များအဖွဲ့(MSF) ၏ စာရင်းများအရ တနင်္သာရီတိုင်းအတွင်း ART ဆေးသောက်နေရသူ ငါးထောင်နီးပါးရှိသည်။